Tuesday, August 28, 2012

တိုင်းအဆင့်ခေါင်းဆောင်များအားရှုံ့ချသည့် ပုသိမ် NLD သတင်းစာရှင်းလင်းပွဲ


တိုင်းအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များကို ရှုံ့ချသည့်  သတင်းစာ ရှင်းလင်းပွဲတစ်ရပ်အား သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့နယ် NLD ပါတီရုံးတွင် ကျင်းပခဲ့ကာ ဖွဲ့စည်းထားပြီး ဖြစ်သည့်တိုင်းညီလာခံကော်မရှင် ဖျက်သိမ်းပေးရေးအပါအ၀င် အချက်(၆)ချက်ကို  ပုသိမ်မြို့နယ် NLD ပါတီဝင်များက တောင်းဆိုလိုက်သည်။

မြောင်းမြမြို့ NLD ပါတီဝင်အချို့ ညီလာခံကျင်းပရေးကော်မရှင် ဖွဲ့စည်းသည့်ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ဆန္ဒထုတ်ဖော်မှုအပြီး ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 '' အခုပွဲလုပ်ရတာ ကိုယ်ပေါင်ကိုယ်လှန်ထောင်းရသလိုပါပဲ၊ ဒါပေမယ့် ဒီမိုကရေစီလို့ ကြွေးကြော် ထားတဲ့ ပါတီတစ်ခုက ဗဟိုဦးစီးစနစ်နဲ့သွားနေပြီး ဒီမိုကရေစီရေး သွေဖီနေတာတွေ ဆရာမွေး တပည့်မွေးတွေ လုပ်နေတာတွေကို လက်မခံနိုင်လို့ပါ''ဟု NLD ပါတီမှ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကန်ကြီးဒေါင့်မြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဖြစ်ခဲ့သူ ဦးညွန့်လှိုင်က ပြောသည်။

ဧရာဝတီတိုင်းအတွင်း တိုင်းပါတီဥက္ကဌအနေဖြင့် ဒေါက်တာသက်မင်းမှစ၍ ယခုဦးလှဖေအထိ တာဝန်ယူခဲ့ရာ (၄) ယောက်မြောက်ဖြစ်ပြီး   ဦးလှဖေလက်ထက်မှ ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားရခြင်းမှာ ဦးလှဖေ၏ အမှားများကြောင့် ဖြစ်ကြောင်း NLD ပုသိမ်မြို့နယ်ပါတီဝင်များက ပြောသည်။

ဧရာဝတီတိုင်းထဲက နေရာအနှံ့မှာ ဒီပြဿနာတွေဖြစ်လာရတဲ့ အဓိကအကြောင်းကတော့ ပါတီဝင် အကုန်လုံးက အနှစ်နှစ်အလလကတည်းက မပြောသာပဲ ကြိတ်မှိတ်မျိုသိပ်ခံစားခဲ့ရတာ၊ မတရားမှု တွေလုပ်နေတာကို သိရက်နဲ့ကို ခံလာရတာဆိုတော့ အခုပွင့်အန်ထွက်လာကြတဲ့သဘောပါ” ဟု NLD ပါတီပုသိမ်မြို့နယ် အောင်နိုင်ရေး တာဝန်ခံဒေါက်တာသန်းထိုက်က ဆိုသည်။

၎င်းကပင် ဆက်လက်၍ အောက်ခြေအဆင့်ပါတီဝင်များ၏ တင်ပြလာသောခံစားချက်များကို NLD ပါတီဗဟိုမှ အလေးမမူဂရု မထားဘဲ ပစ်ပယ်ရှောင်ရှားနေပါက ပါတီဝင်တို့၏ ဆန္ဒကို နည်းမျိုးစုံနှင့် ဖော်ထုတ်သွားမည်မှာ ပုသိမ်မြို့နယ် NLD ပါတီဝင်များ အားလုံး၏ သဘောထားဖြစ်ကြောင်း ပြောသည်။

အစီအစဉ်(၉)ရပ်ဖြင့် ကျင်းပသောယခု သတင်းစာရှင်းလင်းပွဲသို့ ပုသိမ်မြို့နယ် NLD ပါတီဝင်များ အပါအ၀င်ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်(၇) မြို့နယ်မှ ပါတီဝင်(၃၀၀) ကျော်ခန့်နှင့် ပြည်တွင်း ပြည်ပသတင်းထောက်များ တက်ရောက်ကြကာ ညနေ(၄)နာရီတွင် သတင်းစာရှင်းလင်း ပွဲပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

ပါတီတွင်းသဘောထားကွဲလွဲမှုများနှင့်ပတ်သက်၍ NLD  ပါတီနာယကကြီး ဦးတင်ဦးက ယခုကဲ့သို့ဆိုသည်။

''မကြာခင်ပြေလည်သွားမှာပါ"ဟု NLD  ပါတီနာယကကြီး ဦးတင်ဦးက ဦးကြည်သန်းနှစ်ပတ်လည်နေ့ အခမ်းအနားတွင်   ပြောကြားခဲံ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။