Tuesday, August 28, 2012

မောင်တောပြူးမချောင်း ကမ်းပြိုမှုကြောင့် လယ်မြေဧကရာချီ ဆုံးရှုံး


ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်းမြစ်ကမ်းပါးမှာ မိုးရာသီတွင်   နှစ်စဉ်နှစ်တိုင်းချောင်း ကမ်းပါးပြိုကျမှုများပြားလာခြင်း ကြောင့် ချောင်းတစ်ဖက်တစ်ချက်ရှိလယ်ယာစိုက်ပျိုးမြေဧက များ လျော့နည်းပျောက်ဆုံးမှုများရှိလာကြောင်းဒေသခံတောင်သူများထံက သိရသည်။


သဘာဝအလျှောက်ချောင်းရေစီးကြောင်း  ပြောင်းလဲလာမှုများကြောင့် ချောင်းကမ်းပါးပြိုကျမှုများနှင့်အတူ မင်းကြီးရွာ၊ကြိမ်ချောင်း၊စံကားပင်ရင်း၊ ၀က်ကျိန်း၊ ပဒကားဒေ၀ါနာလီ၊မြ၀တီအစရှိသောကျေးရွာ (၁၀)ရွာခန့်တွင် လယ်ယာမြေဧကရာနှင့်ချီ၍ ရေထဲကျပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများ၏ပြောပြချက်အရသိရသည်။


ယင်းကဲ့သို့လယ်ယာမြေများဆုံးရှုံးမှုများကြောင့် ဒေသခံများတို့၏စားဝတ်နေရေးအခြေအနေနှင့် တိုက်ရိုက် အကျိုးသက်ရောက်မှုများ ရှိလာပြီးသားသမီးများ၏ ပညာရေးကဏ္ဍများကိုပါ သွယ်ဝိုက် ထိခိုက် လာကြောင်းကိုလည်းသိရသည်။

“လွန်ခဲ့တဲ့ဆယ်စုနှစ်ဝန်းကျင်လောက်မှစပြီးကမ်းပြိုမှုက တစ်နှစ်ထက်တစ်နှစ်များပြားလာတာပါ။ မိုးရာသီတစ်နှစ် မှာချောင်းကမ်းပေ(၂၀)မှပေ(၃၀)အထိ  တောင်ပြိုတယ်။ ဒီလိုကမ်းပြိုမှုများကြောင့် လယ်ယာမြေဧက များပိုင်ဆိုင်မှုနည်းပါးလာရတာကြောင့် မိသားစုစားဝတ်နေရေးအခြေအနေတွေယိမ်း ယိုင်ကုန်တယ်”ဟု  မောင်တောမြောက်ပိုင်းပြူးမချောင်းကမ်း၊ မင်းကြီးကျေးရွာမှကျေးရွာ အုပ်ချုပ်ရေးမှုးဦးသန်းဝေကပြောသည်။


ကမ်းပြိုမှုအားဟန့်တားထိန်းချုပ်နိုင်ရန်အတွက်   ထိရောက်သည့်ကမ်းထိန်းနံရံများ  တည်ဆောက် ကာကွယ်နိုင်ရန်   မြို့နယ်အုပ်ချုပ်ရေးမှုး၊သက်ဆိုင်ရာမြို့နယ် ဆည်းမြောင်း ဦးစီးဋ္ဌာနမှတာဝန်ရှိသူများက ပြီးခဲ့သည့် ဇွန်လအတွင်းက    အဆိုပါဒေသသို့ လာရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းကိုလည်း သိရသည်။


ထို့အပြင်သဘာဝဘေးကြောင့် ကမ်းပြိုရာတွင်ပါဝင်ခဲ့သူမြေဧကပိုင်ရှင်များအား   ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ခဲ့သည်။

“ ဆုံးရှုံးမှု အနည်းအများအလိုက်  ပေးခဲ့တာပါ၊ တစ်ယောက်မှအနည်းဆုံးနှစ်သောင်း အများဆုံး သုံးသောင်းပါပဲ”ဟု မင်းကြီးရွာမှ ရွာခံတစ်ဦးကပြောသည်။


ထိုကဲ့သို့ ထောက်ပံ့ကြေးငွေပေးအပ်မှုအားမြိ့နယ်အုပ်ချုပ်ရေးမှူး   ဦးဆောင်သည့်အဖွဲ့က ပေးအပ်ခဲ့ခြင်းဖြစ်ပြီးကျေး ရွာ(၄)ရွာဝန်းကျင်မှ ဒေသခံရခိုင်လူမျိုးများ (၃၀)ကျော်ရရှိခဲ့ကြောင်းကိုလည်း  ဒေသခံများထံကသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။