Tuesday, August 28, 2012

ရွှေရန်ကုန် ကူးတို့ဆိပ်လုပ်ငန်း အခက်ကြုံနေရခြင်း




  ဆိပ်ကြီးခနောင်တိုကနေ ရန်ကုန်ဘက်ကမ်းကို ပြေးဆွဲနေတဲ့ ရွှေရန်ကုန် စက်တပ်ရေယာဉ် သယ်ယူပို့ဆောင်ရေး ကူးတို့ဆိပ်လုပ်ငန်းကို ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးမှ ယာဉ်လိုင်းတွေကို ထိန်းကွပ်ထားတဲ့အတွက် မကျေနပ်မှုတွေ ရှိနေပါတယ်။
ရေယာဉ်တစင်းကို ဂိတ်ကြေးကို ကျပ် ၄၀၀ နှုန်း ပေးဆောင်နေရပြီး ယခင်က ရှိခဲ့တဲ့ သာရေးနာရေး၊ လူမှုရေးကူညီပံ့ပိုးမှုတွေ မရှိတဲ့အပြင် နှစ်စဉ် ရသုံးငွေရှင်းတမ်းကိုလဲ ထုတ်ပြန်ကြော်ငြာခြင်း မရှိဘူးလို့ သိရပါတယ်။ အခုအခါ ရွှေရန်ကုန် ယာဉ်လိုင်းကို အုံနာ ၆ ယောက်နဲ့ အသစ် ထပ်မံပြီး ဖွဲ့စည်းလိုက်ပေမဲ့ ဂိတ်သားတွေရဲ့ ရွေးကောက် တင်မြှောက်မှုနဲ့ ရွေးချယ်တာမျိုး မဟုတ်ဘူးလို့ ဂိတ်သားတွေက ဆိုပါတယ်။ ဂိတ်ကြေး ခေါက်ကြေးတွေ ပေးဆောင် ရတဲ့ ငွေကြေး များတဲ့အပြင် အလှူငွေ ကောက်ခံမှုတွေကိုလဲ မကြာခဏ ပြုလုပ်နေတဲ့အတွက် ဂိတ်သားတွေမှာ စားဝတ်နေရေး မပြေလည်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အခုလို နစ်နာမှုတွေ အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ အနေနဲ့ ပြေလည်မှုရရှိအောင် ဆောင်ရွက်ပေးဖို့ ဂိတ်သားတွေက စုပေါင်း လက်မှတ်ရေးထိုး တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။