Tuesday, August 28, 2012

အကောင်းဆုံး အားကစားသမားဆုများ ဝင်းထိုက်နှင့် မအောင်ငှိမ်း တို့ ရရှိ

ရန်ကုန် (မဇ္ဈိမ) ။      ။ ၂ဝ၁၁ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမား အမျိုးသားဆုကို လှေလှော် အားကစားနည်းမှ ဝင်းထိုက်နှင့် အမျိုးသမီးဆုအတွက် မြှားပစ် အားကစားနည်းမှ မအောင်ငှိမ်း တို့က ဆွတ်ခူးရရှိသွား ကြသည်။

ကနူး Kanoor လှေလှော် အားကစားသမားတဦးဖြစ်သည့် ဝင်းထိုက်သည် ၂ဝ၁၁ ခုနှစ်၊ အင်ဒိုနီးရှား ဆီးဂိမ်းပြိုင်ပွဲ၏ ကနူးကယက် မီတာ ၁,ဝဝဝ တယောက်လှော် ပြိုင်ပွဲတွင် ငွေတခု၊ မီတာ ၂ဝဝ တွင် ငွေတခု၊ နှစ်ယောက်လှော် မီတာ ၂,ဝဝဝ တွင် ငွေတခုနှင့် မီတာ ၂ဝဝ တွင် ကြေးတခု တို့ကို ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံး အားကစားသမား အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်။

မြှားပစ် အားကစားမယ် မအောင်ငှိမ်း မှာမူ ၂ဝ၁၁ ခုနှစ်၊ ဆီးဂိမ်းတွင် တဦးချင်း ရွှေတံဆိပ် တခုနှင့် အသင်းလိုက်
ရွှေတံဆိပ် နှစ်ခုကို ဆွတ်ခူးနိုင်ခဲ့ခြင်းကြောင့် အကောင်းဆုံး အားကစားမယ်အဖြစ် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်သည်ဟု
မြန်မာနိုင်ငံ အားကစား ကလောင်ရှင်များ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး က ပြောသည်။

“၂ဝ၁၁ ဆီးဂိမ်းမှာ အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ ကစားသမားတွေ အများကြီးထဲမှာမှ သူတို့နှစ်ယောက်ရဲ့ စွမ်းဆောင်မှုက ပိုပြီး ကောင်းနေတာကြောင့် အခုလို ရွေးချယ်ခဲ့တာပါ” ဟု ဦးတင်ထွန်းဦး က ပြောသည်။

ယခုကဲ့သို့ မအောင်ငှိမ်း အကောင်းဆုံးဆု ရရှိခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး ၂ဝဝ၈ ခုနှစ်ကလည်း အကောင်းဆုံး အားကစားမယ်အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရဖူးသည်။ အသက် ၂၇ နှစ် ရှိပြီဖြစ်သူ မအောင်ငှိမ်းသည် သူ၏ အားကစား သက်တမ်းအတွင်း ရွှေတံဆိပ် ၂၁ ခု ရယူနိုင်ခဲ့ပြီး ဖြစ်သည်။

“မြှားပစ် အားကစားကို ၁၆ နှစ်အရွယ်ကတည်းက လုပ်လာတာပါ။ အမှန်က ဒီနှစ်တောင် နားချင်တာ။ အဖွဲ့ချုပ်က လူကြီးတွေက ဆီးဂိမ်းအထိတော့ ပစ်ပေးပါဆိုလို့ ဆီးဂိမ်းအထိ ကစားပါဦးမယ်။ ၂ဝ၁၃ ဆီးဂိမ်းပြီးရင် အနားယူတော့ မယ်” ဟု မအောင်ငှိမ်း က မဇ္ဈိမကို ပြောသည်။

၂ဝ၁၂ ခုနှစ်အတွက် အထူးဂုဏ်ပြုဆုကိုလည်း ထည့်သွင်းချီးမြှင့်ခဲ့ပြီး ကာယဗလ အားကစားသမား ထွန်းမင်း က ရရှိခဲ့သည်။ ထွန်းမင်းမှာ အာရှတံခွန်စိုက် ကာယဗလပြိုင်ပွဲ ၆ဝ ကီလိုတန်းတွင် ငွေတံဆိပ်နှင့် ကမ္ဘာ့တံခွန်စိုက် ကာယဗလပြိုင်ပွဲတွင် ကြေးတံဆိပ် ရရှိခဲ့သူ ဖြစ်သည်။

နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် သြဂုတ်လ ၂၃ ရက်နေ့က ပြုလုပ်သည့် ဆုချီးမြှင့်မှုကို အကောင်းဆုံး ကစားသမားဆုများအတွက် ဆုကြေးငွေကျပ် သိန်း ၂ဝ၊ အထူးဆု နှစ်ဆုဖြစ်သည့် အထူးဂုဏ်ပြု အားကစားသမားဆု
နှင့် အအောင်မြင်ဆုံး အားကစားနည်းဆုများကိုမူ ဆုကြေးငွေ ကျပ် ခြောက်သိန်းစီ ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ ဥက္ကဋ္ဌနှင့် အားကစားဝန်ကြီး ဦးတင့်ဆန်းနှင့် ဒု-ဝန်ကြီး ဦးအေးမြင့်ကြူတို့ တက်ရောက်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။