Tuesday, August 28, 2012

ခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိ


၂၀၁၂ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူသုံးချိုးနှစ်ချိုးရှိခဲ့သောကြောင့် အနိုင်ရရှိခဲ့ကြောင်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။


နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းစွာဆောင်ရွက်ခဲ့သည်ကို ထုတ်ပြန်ပေးရန်အတွက် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ပြည်သူ့လွှတ်တော်သို့ တက်ရောက်သူ ဦးရေ (၆၂၉)ဦးရှိပြီး ၊ မှားယွင်းကြောင်း ထောက်ခံသူဦးရေ (၄၄၇)မဲ ၊ ကန့်ကွက်သူဦးရေ (၁၆၈)မဲရှိကြောင်းသိရှိရသည်။

''ဒီနေ့ပြည်သူ့လွှတ်တော်ကအနိုင်ရတယ် မဲခွဲဆုံးဖြတ်တော့ မှားပါတယ်ဆိုပြီး ထောက်ခံတဲ့မဲက (၄၄၇)မဲ ကန့်ကွက်တဲ့မဲက (၁၆၈)မဲ ကြားနေမဲက(၄)မဲ ကျန်(၁၀)ဦးက မဲမထည့်ဘူး အဲ့ဒါကြောင့် မဲအရေအတွက်ကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လွှတ်တော်ကိုယ်စားလှယ်တွေဘက်က နိုင်တာပေါ့'' ဟု တအာင်း(ပလောင်)အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်က ပြောသည်။

ပြည်ထောင်စုလွှတ်တော် နာယကမှလည်း အဆိုပါမဲအရေအတွက်ကို အတည်ပြုခဲ့ပြီး နိုင်ငံတော်သမ္မတထံသို့ တင်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တအာင်း(ပလောင်)အမျိုးသားပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရှိရသည်။

'' ခုံရုံးအဖွဲ့ဝင်(၉)ဦးလုံး နှုတ်ထွက်ပေးရမှာပါ။ နှုတ်မထွက်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ နှုတ်ထွက်ဖို့ ထပ်ပြီးတောင်းဆိုရမှာဘဲ '' ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကျော်က ဆက်လက်ပြောဆိုသည်။

လာမည့် ၂၀၁၂ခုနှစ် သြဂုတ်လ (၂၈)ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးနှင့်ပတ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ထံမှ သိရှိရသည်။

''အမျိုးသားလွှတ်တော်မှာ မနက်ဖြန်ဆွေးနွေးမယ် ဆွေးနွေးလဲ ပြည်ထောင်စုအဆင့်မဟုတ်ဘူးလို့ပြောတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို နှုတ်ထွက်ဖို့ ထောက်ခံမဲပေးကြမှာပါဘဲ ဘာလို့လဲဆိုတော့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ဒီကိစ္စနဲ့ပတ်သက်ပြီး အုံးအုံးကျွတ်ကျွတ်ဖြစ်နေကြတာ '' ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေမှလည်း အဆိုပါခုံရုံပြသာနာနှင့်ပတ်သက်ပြီး ဖြေရှင်းရာတွင် အချင်းချင်းညှို့နှိုင်းဆွေးနွေးပြီးမှဆောင်ရွက်သင့်ကြောင်း နှင့် ပြည်သူများ၏အကျိုးကိုလဲ ထည့်သွင်းစဉ်းစားသင့်ကြောင်း သုံးသပ်ပြောဆိုသည်။

'' ဒီပြသာနာနဲ့ပတ်သက်ပြီး  NDF ပါတီအနေနဲ့ပြောရရင် ဘယ်သူမှားတယ် မှန်တယ်ဆိုတာ ကြည့်နေလို့မရသလို ဥပဒေကောင်း၊ မကောင်းကိုလည်း ခွဲခြားဆုံးဖြတ်နေလို့မရဘူး အဓိကက အချင်းချင်းဆွေးနွေးညှိုနှိုင်းသင့်တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့အတိုင်း ပြတ်ပြတ်သားသားဆုံးဖြတ်သင့်တယ် ဒါပေမဲ့ဒါကလဲ ဒီမိုကရေစီလမ်းကြောင်းအတိုင်းသွားနေတာဆိုတော့ ဒီမိုကရေစီစနစ်နဲ့တော့ညီရမှာပေါ့'' ဟုအအမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးခင်မောင်ဆွေက သုံးသပ်ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံအငြင်းပွားမှုဖြစ်ပေါ်ရခြင်းမှာ လွှတ်တော်အတွင်း ဖွဲ့စည်းခဲ့သော ကော်မတီများကို ပြည်ထောင်စု အဆင့်အဖြစ် မသတ်မှတ်နိုင်ကြောာင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးမှ သတ်မှတ်လိုက်ခြင်းကြောင့် ဖြစ်သည်။

၂၀၁၂ခုနှစ် သြဂုတ်လ(၈)ရက်နေ့တွင် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၃၀၁)ဦးမှ လက်မှတ်ရေးထိုးကာ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၃၄) ပုဒ်မခွဲ(က) ၊ ပုဒ်မခွဲငယ်(၂)ပါ ပြဌာန်းချက်များကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ခုံရုံအဖွဲ့ဝင်များကို စွပ်စွဲအပြစ်တင်ခြင်း ပြုလုပ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဥက္ကဌထံသို့ အဆိုပြုတင်ပြခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၃၃၄) ပုဒ်မခွဲ(က)မှာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တဦးဦးအား အောက်ပါအကြောင်းတရပ်ဖြင့် စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖော်ပြထားသည်။

၎င်းတို့မှာ (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း(၂)ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊(၃) အကျင့်သိက္ခာပျက်ပြားခြင်း(၄) ပုဒ်မ ၃၃၃တွင် သတ်မှတ်ထားသည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်၏အရည်အချင်းပျက်ယွင်းခြင်း(၅) ဥပဒေအရ ပေးအပ်သော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်ခြင်း။ စသည့် အချက်များဖြင့် ပြည့်စုံပါက စွပ်စွဲပြစ်တင်နိုင်ကြောင်း ဖော်ပြထားသည်။

သမ္မတရဲ့သ၀ဏ်လွှာမှာလည်း ဤကိစ္စနှင့်စပ်လျဉ်းပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ၂၀၁၂ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ``လွှတ်တော်အသီးသီးကဖွဲ့စည်းထားသည့် ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပါယ်ဖွင့်ဆိုခြင်းသည် ။ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်းမရှိကြောင်း´´ ဆုံးဖြတ်ချက်ချမှတ်ပြီး ဖြစ်ပါကြောင်း၊ ယင်းဆုံးဖြတ်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၂၄ နှင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေပုဒ်မ ၂၃ တို့အရ အပြီးအပြတ်အတည်ဖြစ်ပါကြောင်း၊ ဤကိစ္စမှာ စစ်ဆေးကြားနာဆဲ အဆင့်မဟုတ်ဘဲ ဆုံးဖြတ်ချက်ချမှတ်ပြီးသည့် အဆင့်ဖြစ်၍ တင်သွင်းလွှာကို ပြန်လည်ရုပ်သိမ်းရန်မှာ တရားရုံးများ၏ အစဉ်အလာနှင့်လုပ်ထုံးလုပ်နည်းများအရ မည်သို့မျှမဖြစ်နိုင်ပါသဖြင့် ဤကိစ္စအား အစိုးရအဖွဲ့အပေါ် နားလည်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောဆိုခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။