Tuesday, August 28, 2012

 တရုတ်နိုင်ငံ၌ ကျန်ရှိနေသော ကချင်ဒုက္ခသည် လေးထောင်ကျော်အား ယခုလအတွင်း အပြီးပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထား

လက်ရှိ တရုတ်ပြည်မှ ပြောင်းရွှေ့လာသည့် ကချင်ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်ရှိနေပြီး ကျန်ရှိသော ဒုက္ခသည်လေးထောင်ကျော် အား ယခုလအတွင်းအပြီး ပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
တရုတ်ပြည်ဘက်ခြမ်းတွင်  ပြောင်းရွှေ့ရန် အကြောင်းကြားထားသည့် ကချင်ဒုက္ခသည် စုစုပေါင်း ခြောက်ထောင်ကျော်ရှိပြီး ယင်းတို့အနက်မှ  နှစ်ထောင်ကျော်သည် သြဂုတ်လ၁၈ရက်နေ့မှစ၍ တရုတ်ပြည် နောင်တောင်းစခန်းရှိ ယန်လူနှင့်လောဝ်ဖိုင် ဒုက္ခသည် စခန်းများမှ ကချင်ပြည်နယ်ရှိ လနားဇွပ်နှင့် ဘွမ်းစစ်ပါစခန်းသို့ ပြောင်းရွှေ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိတရုတ်ပြည်တွင် က ချင်ဒုက္ခသည်စုစုပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ၀န်းကျင်ခန့်ရှိကြောင်း  ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာ ၀န်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ တရုတ်ပြည်တွင် တ ရားမ၀င် ၀င်ရောက်လာသည့် ဒုက္ခသည်၇၀၀၀ကျော်ကို တာဝန်ယူရန် ခက်ခဲကြောင်း၊ ဒုစရိုက်အမှုများနှင့် အခြားအမှုအခင်းများ ဖြစ်လာပါက ကိုင်တွယ်တာဝန်ယူရန် အခက်အခဲ ရှိကြောင်း၊တရုတ်ဥပဒေဖြင့် မြန်မာနိုင်ငံသားများကို စီရင်ရန်ခက်ခဲ ကြောင်း၊ ကူးစက်ရောဂါများ တရုတ်ပြည်သို့ ကူးစက်လာမည်ကို စိုးရိမ်ကြောင်း၊ ကေအိုင်အေနှင့် မြန်မာအစိုးရ စစ်မဖြစ်တော့သဖြင့် ပြန်ပို့ခြင်းဖြစ်ကြောင်း တရုတ်အာဏာပိုင်များက အကြောင်းပြချက်ပေးထားသည်ဟု အဆိုပါဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည့်အဖွဲ့များ ၏ ပြောကြားချက်အရ သိရသည်။
“ပြောင်းဖို့ကို သြဂုတ်လ ၁၅ ရက်နေ့က ပြောတယ်။ သြဂုတ်လ ၁၈ရက်ကနေ ၂၁ ရက်အထိ ဒုက္ခ သည်တွေကကိုယ့် အစီအစဉ်နဲ့ကိုယ် ပြောင်းကြတယ်။၂၂ ရက်နေ့ကစပြီး တရုတ်အာဏာပိုင်တွေက ကိုယ်တိုင် ကားနဲ့လာရွှေ့ပြီး စခန်းတွေကိုလည်း တစ်ခါတည်းဖျက်ဆီးတယ်။ အဲဒီက အခြေအနေတွေကို ဓါတ်ပုံ ရိုက်ခွင့်မပေးဘူး။ ရိုက်ရင်လည်း ခေါ်မေးတယ်ဖုန်းပြောရင်လည်း သိမ်းတယ်”ဟု ကချင်ငြိမ်းချမ်းရေး ကွန်ယက်မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
လက်ရှိ ကချင်ဒုက္ခသည် စခန်းများတွင် တရုတ်ပြည်မှ ပြောင်းရွှေ့လာသည့် ဒုက္ခသည် ၆၀၀၀ ကျော် အတွက် အစားအသောက်၊ဆေးဝါး၊ ရေနှင့်အိမ်သာ၊ နေရာထိုင်ခင်း၊ အမျိုးသမီးများအတွက် မရှိမဖြစ် လိုအပ်ချက်များ၊ သက်ကြီးရွယ်အို၊ ကလေးနှင့် ကိုယ်ဝန်ဆောင်များ အတွက် လိုအပ်သည့် အာဟာရများ ၊ကျန်းမာရေးစောင့်ရှောက်မှုများ စသည်တို့ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။