Thursday, August 23, 2012

 လွှတ်တော်မြေယာပြဿနာ ဖြေရှင်းရေးကော်မရှင်သို့ လယ်သိမ်းယာသိမ်းကိစ္စများ တင်ပြရန် NDF ပါတီ၏ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများ ပြန်လည်ဖွဲ့စည်း



NDF ပါတီဥက္ကဌ ဦးခင်မောင်ဆွေ အခမ်းအနားသို့ တက်ရောက်လာသူများအား အမှာစကားပြောကြားနေစဉ်
NDF ပါတီ တောင်သူလယ်သမားရေးရာ ကော်မတီမှ လွှတ်တော်မြေယာပြဿနာ ဖြေရှင်းကော်မရှင်သို့ လယ်သိမ်း၊ ယာသိမ်းကိစ္စ များစုစည်းတင်ပြရန် တိုင်းဒေသကြီး ပြည်နယ်ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနားကို ရန်ကုန်မြို့ မဟာဗန္မုလမ်းရှိ City Star Hotel ၌ သြဂုတ်လ ၂၂ ရက်နေ့က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက အခမ်းအနားသို့ တက်ရောက်လာသော ပါတီဝင်များနှင့် လယ်သမားများအား ပြောကြားရာတွင် မိမိတို့၏ အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ရှိကြောင်း၊  မြေယာများအား တရားမဲ့သိမ်းမှု စက်ရုံများ ဆောက်မည်ဟုဆိုကာ နှစ်ပေါင်းများစွာက သိမ်းယူထားမှုများ ရှိကြောင်း၊ တပ်ရင်းတပ်ဖွဲ့အသီးသီးမှ တပ်တွေတိုးချဲ့ရန် လမ်းတွေဖောက်ရန်ဆိုပြီး ဥပဒေနဲ့အညီ သိမ်းတာ မဟုတ်ပဲနဲ့ အမိန့အာဏာနဲ့ သိမ်းခံထားရတဲ့ လယ်ယာမြေများကို ဆိုင်ရာပိုင်ရှင် တောင်သူလယ်သမားတွေဆီကို ပြန်ရောက်ရန်လုပ်ဆောင်ဖို့ အခွင့်အရေးရပြီဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ်များမှ ပါတီကိုယ်စားလှယ်များက လယ်ယာမြေပြဿနာ ၀င်ရောက်ဖြေရှင်းပေးရာတွင် ကြုံတွေ့ရသော အခက်အခဲများနှင့် လယ်သမားများ၏ နစ်နာမှုများအား ရှင်းလင်းဆွေးနွေးကြပြီး တောင်သူလယ်အချို့ကလည်း ၄င်းတို့နစ်နာမှုများအား တင်ပြနွေးခဲ့ကြသည်။
''လက်ရှိဖြစ်နေတဲ့ လယ်ယာမြေပြဿနာတွေ မြေသိမ်းယာသိမ်းကိစ္စတွေကို တစ်နှစ်သား သက်တမ်းရှိတဲ့ လွှတ်တော်ကနေ ၀င်ရောက်ဆောင်ရွက်မယ်ဆိုတဲ့အတွက် အဲဒီလွှတ်တော်ကနေ ထက်ထက်မြတ်မြတ်၊ သွက်သွက် လက်လက် မြန်မြန်တိတိကျကျပေါ့နော် တရားမျှမျှတတနဲ့ ဆောင်ရွက်နိုင်အောင်လို့ ကျွန်တော်တို့ကနေပြီးတော့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လယ်သမားရေး လုပ်ဆောင်နေတဲ့ပါတီဝင်တွေ နစ်နာဆုံးရှုံးနေတဲ့ သူတွေကို ပြည်နယ်တိုင်းအလိုက် အချက်အလက်တွေစုဆောင်းပြီးတော့ အဲဒီကော်မရှင် ပြန်တင်ပြနိုင်ဖို့အတွက် ဖွဲ့စည်းတဲ့ ပွဲအနေနဲ့ လုပ်ခြင်းဖြစ်ပါတယ်'' NDF ပါတီတောင်သူလယ်သမားရေးရာ ကော်မတီ(ဗဟို)ခေါင်းဆောင် ဦးကျော်သူရက ဖွဲ့စည်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
ဆက်လက်၍ ဦးကျော်သူရက ယခင်ကလည်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပါတီအနေဖြင့် မြေယာပြဿနာများ ဖြေရှင်းပေးရန် ကော်မတီ ရှိပါကြောင်း၊ ယခုအခါ ပါတီအတွင်း ဖွဲ့စည်းပုံ ပြောင်းလဲမှုများနှင့်အတူ မြေယာပြဿနာများ ဖြေရှင်းရန်အတွက် လုပ်ငန်းများ ပိုမိုကောင်းမွန်ပြီး စနစ်တကျ လုပ်-ဆောင်နိုင်ရန် ပြန်လည် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ NDF ပါတီမှ တာဝန်ရှိသူများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ပါတီကိုယ်စားလှယ်များနှင့် လယ်သမားများ စုစုပေါင်းလူဦးရေ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။