Thursday, August 23, 2012

တောင် ကိုရီးယား ကုမ္ပဏီနှင့် Father Landတို့ ပူးပေါင်းပြီး မြို့ပြအိမ်ရာများ တည်ဆောက်မည်


တောင်ကိုရီးယား နိုင်ငံမှ ထိပ်တန်း ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်သော ဟန်ရှင်း (Hanshin Engineering and Construction) ကုမ္ပဏီနှင့် Father Land ကုမ္ပဏီတို့ အကျိုးတူ သဘော တူညီမှု စာချုပ်ချုပ်ဆို လိုက်ပြီး မြို့ပြ အိမ်ရာများ တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။



ထိုသို့ အကျိုးတူ သဘောတူ ညီမှု စာချုပ် ချုပ်ဆို ရခြင်းမှာ ၄င်း ကုမ္ပဏီမှ ဆောက်လုပ် ရေးနှင့် သက်ဆိုင်သည့် နည်းပညာများ ရရှိနိုင် ရန်အတွက်ဖြစ်ကြောင်း Father Land ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

အကျိုးတူ သဘောတူစာချုပ် အရ မြို့ပြအဆင့်မြင့်အိမ်ရာများ တည်ဆောက် သွားမည်ဖြစ်ပြီး ၄င်း စီမံကိန်းအား ၂၀၁၃ ခုနှစ် နှစ်ဆန်း ပိုင်းလောက်တွင်မှ စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရ သည်။ “ပထမဦးဆုံး အနေနဲ့ ကတော့ မြို့ပြ အိမ်ရာတွေ၊ အဆင့်မြင့်အိမ် ရာတွေပဲ အရင်ဆောက်မှာပါ။ နောက်ပိုင်းကျမှ လမ်း၊ တံတား တည်ဆောက်မှုတွေကို ပြုလုပ် သွားမှာပါ”ဟု Father Land ကုမ္ပဏီမှ ပြန်ကြားရေးတာဝန်ခံ ကိုမိုးကြိုး ကဆိုသည်။
အဆင့်မြင့်အိမ်ရာ စီမံကိန်း များကို ရန်ကုန်၊ မန္တလေးနှင့် ပုသိမ်တို့တွင် တည်ဆောက်သွားမည် ဖြစ်ပြီး ထိုတည်ဆောက်မှုများတွင် ဟန်ရှင်းကုမ္ပဏီမှ ပညာရှင်များ၊ စက်ယန္တရားများ စိုက်ထုတ်သွား မည်ဖြစ်ကာ Father Land ကုမ္ပဏီ ဘက်မှလူအင်အားနှင့် မြေကွက် များ စိုက်ထုတ်သွားမည်ဖြစ်ကြောင်း ကိုမိုးကြိုးက ဆက်လက်ပြောကြား သည်။
“ငွေကြေး ကုန်ကျစရိတ်ကို တော့ နှစ်ဦးနှစ်ဖက် စလုံးက ငွေ ၅၀ ရာခိုင်နှုန်းစီ စိုက်ထုတ် သွားမှာပါ”ဟု ၄င်းက ဆိုသည်။ “ထိုစီမံကိန်းများတွင် အသုံး ပြုမည့် ဆောက်လုပ်ရေး ပစ္စည်း ယန္တရား များအား ရေကြောင်းလမ်းဖြင့် သယ်ဆောင်မည်ဖြစ်ပြီး ဆောက် လုပ်ရေးနည်းပညာရှင်ဦးရေ ၃၀ ကလည်း နည်းဥပဒေအရ လာ ရောက်လေ့လာမည်ဖြစ်ကြောင်း သိရသည်။
“ဆောက်လုပ်ရေး ပညာရှင် တွေကတော့ ဘယ်လောက်လာမယ် လို့တော့ သေချာပြောလို့ မရသေး ဘူး။ လိုအပ်ချက်ပေါ်မှာမူတည်ပြီးပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယ အသုတ်ဆိုပြီး ခွဲခေါ်ရမှာ ပါ”ဟုဆိုသည်။
အကျိုးတူ သဘောတူညီမှု စာချုပ်ဖြင့် အလုပ်လုပ်ရခြင်းကြောင့် ပြည်တွင်းရှိ လုပ်သားများ အတွေ့ အကြုံသစ်များရရှိခြင်း၊ နိုင်ငံခြား ပညာရှင်များ ကြီးကြပ်မှု၊ အုပ်ချုပ် မှုအတွေ့အကြုံများရရှိခြင်း စက် ယန္တရားများဖြင့် အလုပ်လုပ်ရသည့် အတွက်အတွေ့အကြုံသစ်များရရှိခြင်း စသည့် အကျိုးကျေးဇူးများရရှိနိုင် မည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ တောင်ကိုရီးယား နိုင်ငံရှိ ဟန်ရှင်းကုမ္ပဏီနှင့် အကျိုး တူသဘောတူညီမှုစာချုပ်ချုပ်ဆို သကဲ့သို့ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဂျာမနီ၊ တူရကီ၊ ဆွစ် ဇာလန်၊ စပိန်နိုင်ငံများမှ ကုမ္ပဏီ များနှင့်လည်း အကျိုးတူသဘော တူစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဇူလိုင်လ ၂၄ ရက်နေ့ တွင် ဂျပန်နိုင်ငံရှိ Innox ကုမ္ပဏီ နှင့် အီးမေးလ်တွင် အကြိုသဘော တူစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။