Thursday, August 23, 2012

ရေဘေးပစ္စည်းများအား လှူသလောက် ပေးကြရန် ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ တိုက်တွန်း


ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေကြီးနစ်မြှုပ်မှုများကြောင့် ထောင်ပေါင်းများစွာသောအိုးအိမ်စွန့် ရေဘေး ဒုက္ခသည်များထံသို့ အလှူရှင်များက ဝိုင်းဝန်းလှူဒါန်းထားသော ပစ္စည်းများအား အလွဲသုံးစားမဖြစ်စေရေး ဆောင်ရွက်ပေးစေလိုကြောင်း ဧရာဝတီတိုင်း လွှတ်တော်ဥက္ကဌ ဦးဆန်းဆင့်က တိုင်းအစိုးရဝန်ကြီးများနှင့် တိုင်းလွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်းပြောကြားခဲ့သည်။

ရေဘေးကယ်ဆယ်ရေးစခန်းများသို့ လှူဒါန်းပစ္စည်းများအား တာဝန်ရှိသူတို့က လူရွေး၍ပေးနေသည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ပြန်ထွက်လာပြီးနောက်အထူးလွှတ်တော်အစည်းအဝေးခေါ်ယူကျင်း ပနေရသောတိုင်းလွှတ်တော် မိန့်ခွန်းတွင် ယခုကဲ့သို့ထည့်သွင်းပြောကြားလိုက်ခြင်း ဖြစ်သည်။
 
''အဓိကဖြစ်တတ်တာက အလှူရှင်များလာရင် ဒုက္ခရောက်တဲ့သူမှ စားလို့လောက်ပြီဆိုပြီး ထိန်ချန်ထားကြတာ နောက်ပြီးအဲ့ဒါတွေက   ပျောက်သွားရော၊ ဒါကြောင့်အလှူရှင်တွေ လှူသမျှကို ပေးလိုက်ပါ၊ ပိုရင်လည်းရောင်းစား ကြပါစေ၊ များများပိုရင် များများရောင်းတော့ သူတို့ဘဝအတွက်လိုတဲ့ငွေလေးရတာပေါ့'' ဟု တိုက်တွန်းရခြင်း အကြောင်းအရင်းကို တိုင်းလွှတ်တော်ဥက္ကဌက ရှင်းပြသည်။

ဧရာဝတီတိုင်းအတွင်းရှိ ရေဘေးဒုက္ခသည်များကို တိုင်းအစိုးရအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များနှင့် World vision ကဲ့သို့သော အန်ဂျီအိုအဖွဲ့များက စားသောက်စရာနှင့် အဝတ်အထည်များကို လှူဒါန်းနေခြင်းဖြစ်ကြောင်းကိုလည်း တိုင်းအစိုးရ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရသည်။

'' လူရွေးပြီးပေးတယ်ဆိုတာမဟုတ်ဘူး၊အချို့နေရာတွေမှာ ဖြစ်နေတာက ထောင်လောက်လူဦးရေရှိတဲ့ ကယ်ဆယ်ရေးစခန်းကို အယောက်ငါးရာစာပဲ လှူဒါန်းတာရောက်လာတော့ တကယ်လိုအပ်နေတဲ့သူတွေကိုပဲ ပေးရာကနေကျန်တဲ့သူတွေက သူတို့မရလို့ ဒီအသံတွေထွက်လာတာပါ'' ဟု ပုသိမ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်ကတော့ ရှင်းပြသည်။

ဧရာဝတီတိုင်းအတွင်း ယခုလက်ရှိရေကြီးနစ်မြှုပ်မှုကြောင့် လူဦးရေ(၆)သိန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီးအားလုံးမှာ   ရေးဘေးကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာခြင်းမရှိဘဲ အခြားအိမ်တွင်ပြောင်းနေခြင်း၊ အခြားရွာသို့ ပြောင်းရွှေ့နေ ထိုင်ခြင်းတို့ကြောင့် စာရင်းအတိအကျရရှိရန် အခက်အခဲရှိနေကြောင်းကိုလည်း သိရသည်။

''စာရင်းအတိအကျရအောင် ကူညီကြဖို့ ကိုယ်စားလှယ်တွေကို တိုက်တွန်းထားတယ်၊ အချို့ဆိုတစ်မြို့လုံးမြုပ် တာတောင် စာရင်းထဲမှာ (၃ဝဝ) လောက်ပဲရှိပြီး ညဘက်သွားလာမှုတွေကိုတောင် ပိတ်ထားရတယ်'' ဟု တိုင်းလွှတ်တော်ဒုဥက္ကဋ္ဌေ ဒါက်တာထွန်းဝေ က ပြောသည်။

အချို့ရွာများမှာ ရွာလုံးကျွတ်ရေလွှမ်းမိုးမှုကြောင့် ပြောင်းရွှေ့ခဲ့ရသောကြောင့် ကျန်ရစ်ပစ္စည်းများကို စောင့်ရှောက် ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များထားရှိကာ ညမထွက်ရအမိန့်ပါ ထုတ်ပြန်ထားခဲ့ရပြီး ယခုအခါရေအနည်းငယ်ပြန် ကျသော နေရာများ၌ ညမထွက်ရအမိန့်ကို ရုတ်သိမ်းထားကြောင်းနှင့် အရေးပေါ်ဖြစ်ပေါ်လာပါက အသင့်ကယ်တင် နိုင်ရန်အတွက်ဆယ်တင် ယာဉ်များဖြစ်သော ကတိန်း၊ချိန်းဘလောက်တို့ကို ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။