Thursday, August 23, 2012

ပြည်သူအများဒုက္ခရောက်ချိန်တွင် တပ်မတော်၏ပူးပေါင်းဆောင်ရွက်မှုအား ယခုထက်ပိုမိုမျှော်လင့်


မြန်မာနိုင်ငံယခုနှစ်မိုးများမှုနှင့် မြစ်ရေကြီးမှုအခြေနေများမှာ စိုးရိမ်ဖွယ်အနေအထားဖြစ်သည့်အတွက် ထိုအခြေအနေတွင် တပ်မတော်သားများအနေဖြင့် ဒုက္ခသည်အရေး၌ ပြည်သူများနှင့်အတူ ဝိုင်းဝန်း ကူညီစောင့်ရှောက်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နာယက ဦးတင်ဦးက မေတ္တာရပ်ခံပြောကြားလိုက်သည်။

''ဒီကယ်ဆယ်ရေးလုပ်ငန်းဆိုတာကတော့ နိုင်ငံတော်အစိုးရမှာ တာဝန်ရှိတယ်။ သူလုပ်ရ မှာပဲပေါ့။     လုပ်လည်း လုပ်မှာပါ။ တပ်မတော်ဟာ ဒီနေ့အခါ တပ်မတော် ပြည်သူ ကြည်ဖြူဖို့ရာမှာ အချိန်ခါ ကောင်းပါ။ ရေဘေးဖြစ်နေတဲ့အခါမှာ တပ်မတော်က ကူညီ သင့်တယ်။ သူ့တို့မှာ လူ၊ ပစ္စည်းတွေ ရှိတယ်။ ရဟတ်ယာဉ်နဲ့ ကယ်ရမယ်ဆိုရင်တောင် အမြန်ဆုံးသွားကယ်သင့်ပါတယ်'' ဟု (NLD)မှ နာယက ဦးတင်ဦး အကြံပြုပြောသည်။
 
 တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအတွင်  အကူအညီပေးနိုင်ရန် ငွေအင်အား ပစ္စည်းအင်အားနှင့် လူအင်အားများစွာ ရှိကြောင်းနှင့် ဒေသတွင်း ရှိသည့် တပ်များ၊ အဖွဲ့အစည်း၊ ဋ္ဌာနချုပ်များအနေနှင့် ပူးပေါင်းကာ ဗဟိုမှ ကယ်ဆယ်ရေး လုပ်ငန်း များအား ကူညီလုပ်ဆောင်သင့်သည်ဟု ၄င်းက ဆက်ပြောသည်။

''အခုအချိန် တပ်မတော်က ပြည်သူနဲ့ ပူးပေါင်းပြီးတော့ စားဖို့သောက်ဖို့ပို့တာပဲ ဖြစ်ဖြစ် ဆေးဝါး ပစ္စည်းပို့တာပဲဖြစ်ဖြစ် ပြည်သူနဲ့ပူးပေါင်း ပြီးလုပ်ကြမယ်ဆိုရင် ဒီ့ထက်ပိုပြီးထိရောက်မှာဖြစ်တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို မေတ္တာရပ်ခံချင်တာက ကိုယ်တိုင်းကိုယ်ဒေသမှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ဝင်ပြီးတော့ ကူညီပြီးလုပ်ပေးလိုက်ပါလို့ ပြောလိုက်ရင်ပြီးသွားတာပဲ ဒါကို စကားတစ်လုံး မဟဘူး။ ကြည့်နေရတာ စိတ်မကောင်းဘူး။ ရာဘာလှေတွေနဲ့ လိုက်ပေးရင် ဒါတွေဟာမြန်ပါတယ်။ သိပ်ကိုခက်ခဲပြီး   သောင်ပေါ်တင်နေတဲ့ ကျွန်းပေါ်တင်နေတဲ့ ကလေးတွေကို ရဟတ်ယာဉ်တွေနဲ့ ဆွဲပြီးကုန်းပေါ်ပို့ရင်ပို့ အဲလိုမျိုးတွေလုပ်သင့်တယ်။''ဟု တပ်မတော်မှာ အငြိမ်းစားအရာရှိတစ်ဦးဖြစ်ခဲ့သည့် နာယက ဦးတင်ဦးက ဆက်လက်ပြောကြားသည်။

လက်ရှိတွင် တောင်ပေါ်မြို့ဖြစ်သည့် ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ရေကြီးနေမှုအား တပ်မတော် သားများမှ ပူးပေါင်း၍ ရေဘေးဒုက္ခသည်များအား အကူအညီပေးလျက်ရှိကြောင်း ကိုလည်း တွေ့ရှိရသည်။

မြစ်ရေကြီးမှုအခြေနေနှင့် ပတ်သတ်၍ စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်းတွင် မုန်တိုင်းအထူးသတိပြုရန် မိုးဇလပညာရှင် ဦးထွန်းလွင်က ၄င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် နှိုးဆော်ချက်ထားရှိကြောင်းကိုလည်း တွေ့ရှိရသည်။

လက်ရှိတွင် တိုင်းဒေသကြီးငါးခုနှင့် ပြည်နယ်နှစ်ခု တို့တွင် ရေလွှမ်းမိုးမှုဒဏ်ကို ခံနေရကြောင်းနှင့် မိုးများသဖြင့် လယ်သမားများ အဓိကနစ်နာကြရပြီး စိုက်ပျိုးရေးကို အခြေခံသော ဒေသများ၌ စီးပွားရေးကျဆင်းလာမှုများဖြစ်ပွားလာမည်ဟု စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်နေချိန်ဖြစ်သည်

သဘာဝဘေးအန္တရာယ်အရှိဆုံး(၁ဝ) နိုင်ငံစာရင်းများထဲတွင်လည်း မြန်မာနိုင်ငံပါဝင်လာကြောင်း ဗြိတိန်အခြေစိုက် သဘာဝဘေးအန္တရာယ်အထူးပြုအဖွဲ့ မက်ပလီခရော်ဒ်က သတိပေးထားသည်။

အဆိုပါအဖွဲ့မှာ နာဆာနှင့် ပူးပေါင်း နှစ်စဉ်နှစ်တိုင်း မိုးလေဝသ သတင်းအချက်အလက်ကို ရယူနေသည့် အဖွဲ့အစည်းခုဖြစ်သည်။

လက်ရှိတွင် သဘာဝ ဘေးအန္တရာယ်အရှိဆုံး နိုင်ငံများမှာ အာရှတွင် မြန်မာ၊ ဘင်္ဂလားဒေ့ရု၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် အခြားတိုက် ကြီးများမှ ဟေတီ၊ နီကာရာဂွာ၊ ဟွန်ဒူးရပ်စ် စသောနိုင်ငံများပါဝင်လာကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။