Thursday, August 23, 2012

 ရန်ကုန်မြို့နှင့် မန္တလေးမြို့များ အပါအ၀င် မြို့နယ်ပေါင်း ၂၀ ကျော်သို့ သွားရောက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်



၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၏ ပွင့်လင်းလူ့အဖွဲ့အစည်းလှုပ်ရှားမှုတစ်ခုကို တွေ့ရစဉ်
ရန်ကုန်မြို့နှင့် မန္တလေးမြို့များ အပါအ၀င် မြန်မာပြည်အနှံ့ မြို့နယ်ပေါင်း ၂၀ ကျော်သို့ သွားရောက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းလုပ်ငန်းစဉ် လှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါခရီးစဉ် အသီးသီးကို သြဂုတ်လ ၈ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ၈၈၈၈ အထိမ်းအမှတ် (၂၄) နှစ်ပြည့်ပွဲသို့ သွားရောက်ခြင်းဖြင့် စတင်ခဲ့ပြီး ထိုမှတစ်ဆင့် မြို့နယ်ပေါင်း ၂၀ ကျော်သို့ အဖွဲ့များခွဲကာ သွားရောက်ခဲ့ကြသည်။ ထိုသို့ သွားရောက်ရာတွင် ရောက်ရှိခဲ့သည့် မြို့နယ်၊ ကျေးရွာအသီးသီးရှိ ဒေသခံများနှင့် တွေ့ဆုံကာ အကြောက်တရား မရှိရန်၊ မိမိ၏ အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ တင်ပြတောင်းဆိုရဲသည့် သတ္တိရှိစေရန် စသည်များကို ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေးမှုများမှ ရရှိခဲ့သော ဒေသခံပြည်သူများ၏ ခံစားနေရသော အခက်အခဲဒုက္ခများကို ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြမှုများ ပြုလုပ်သွားမည်ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ပြန်ကြားရေးတာဝန်ခံ ကိုအံ့ဘွယ်ကျော်က ပြော ပြခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ''အခုခရီးစဉ်မှာ ကြားဖြတ်အစီအစဉ်တွေ အများကြီး ကြုံခဲ့ရတယ်။ လူသူအရောက်အပေါက်နည်းတဲ့ သင်္ချိုင်းကုန်းလို နေရာမျိုးမှာတောင် လူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်။ ပြည်သူ တွေရဲ့ ရင်ဖွင့်တဲ့စကားတွေဟာ ကျွန်တော်တို့ထက် ပိုကောင်းတယ်၊ သတ္တိလည်း ရှိလာတယ်။ သက်ဆိုင်ရာကလည်း အကူအညီပေးပါတယ်။ ဒါကို အသိအမှတ်ပြုပါတယ်၊ ကျေးဇူးလည်းတင်ပါတယ်။ အခက်အခဲဆိုလို့ ချောက်ကနေ ဆင်ဖြူကျွန်းကို သွားတဲ့လမ်းက အရမ်းဆိုးနေတော့ ၂၅ မိုင်ခရီးကို သုံးနာရီလောက်သွားခဲ့ရတယ်။ လမ်းကြေးကောက်ခံတဲ့ ဂိတ်တွေတွေ့ခဲ့တယ်။ လမ်းပြင်နေတာကို မတွေ့ခဲ့ရဘူး''ဟု ပြောပြခဲ့သည်။

ကျေးရွာအသီးသီးမှာရှိတဲ့ ပြည်သူတွေကြားထဲမှာ အောက်ခြေမှာရှိတဲ့ အုပ်ချုပ်ရေးက တာဝန်ခံတချို့ရဲ့ အာဏာအလွဲသုံးစား လုပ်ဆောင်မှုတွေ၊ ဆေးဝါး မလုံလောက်မှုပြဿနာ၊ ဆေးဝါးကုသစရိတ်ပြဿနာ၊ ဆရာဝန် မလုံလောက်မှုပြဿနာစတဲ့ ကျန်းမာရေးဆိုင်ရာ ကိစ္စတွေကိုမြင်ခဲ့၊ သိခဲ့ရတယ်  .  .  .
''အခုခရီးစဉ်မှာကို ကျွန်တော်တို့အဖွဲ့တွေ ရောက်တဲ့အခါမှာ ကျေးရွာအသီးသီးမှာရှိတဲ့ ပြည်သူတွေကြားထဲမှာ အောက်ခြေမှာရှိတဲ့ အုပ်ချုပ်ရေးက တာဝန်ခံတချို့ရဲ့ အာဏာအလွဲသုံးစား လုပ်ဆောင်မှုတွေ၊ ဆေးဝါး မလုံလောက်မှုပြဿနာ၊ ဆေးဝါး ကုသစရိတ် ပြဿနာ၊ ဆရာဝန် မလုံလောက်မှုပြဿနာစတဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေကို မြင်ခဲ့၊ သိခဲ့ ရတယ်။ ပုဂံမှာဆိုရင်လည်း စီးပွားရေး အကျိုးအမြတ်ကို ရှေ့ရှုပြီး လုပ်ဆောင်မှုတွေကြောင့် ယဉ်ကျေးမှုအမွေအနှစ်တွေ ပျက်စီးသွားမှာကို စိုး ရိမ်ရတဲ့ အနေအထားမျိုးတွေ တွေ့ခဲ့ရတယ်''ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုဘသက်အောင်က ပြောပြခဲ့သည်။ 
ထို့အပြင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများသည် ရှမ်းပြည်နယ် ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာ၊ နောင်ခမ်း စိုက်ပျိုးရေးသင်တန်းကျောင်းတွင် ခေါင်းဆောင်မှုအရည်အချင်းမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို နီပေါ နိုင်ငံသား Mr. Debendra  Manandhar နှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 
သြဂုတ်လ ၁၂ရက်နေ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ဗဟိုပြန်ကြားရေးနှင့် ဆက်ဆံရေးတာဝန်ခံ ဦးစောသမိန်ထောနှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ၊ ကိုမြအေး၊ ကိုဌေးကြွယ် စသည့်တို့ ငြိမ်းချမ်းရေး အမြန်ဆုံးဖော်ဆောင်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

မန္တလေးမြို့ မြစ်ဖျားဧရာဟိုတယ်တွင်လည်း တရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့် အခက်အခဲများ ကြုံတွေ့ခဲ့ရသည့် ဒေသခံများ၊ ယူနန်ပြည်နယ်တက္ကသိုလ်မှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပါမောက္ခတစ်ဦး ပါဝင်သည့် အဖွဲ့ဝင်ငါးဦးတို့နှင့် ဦးကိုကို ကြီးခေါင်းဆောင်သည့် ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ယင်းတွေ့ဆုံဆွေးနွေးမှုများမှ ရရှိလာသည့် အချက်များကို တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီများထံသို့ အဆိုပါအဖွဲ့မှ ပြန်လည်တင်ပြသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။