Thursday, August 23, 2012

 ရေကြီးနစ်မြုပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၂ မြို့နယ်မှ ကျောင်းပေါင်း ၄၆၇ ကျောင်း ပိတ်ထား



သာပေါင်းမြို့နယ် ဘုရားငူကျေးရွယ အခြေခံပညာအလယ်တန်းကျောင်းခွဲအားတွေ့ရစဉ်
မြစ်ရေကြီးမြင့်မှုဒဏ်ကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၂၆ မြို့နယ်အနက် မြို့နယ် ၁၂ မြို့နယ်မှ  ကျောင်းပေါင်း ၄၆၇ ကျောင်းအား ယာယီပိတ်ထားခဲ့ပြီး လတ်တလောကာလတွင် ဖွင့်လှစ်နိုင်မှု မရှိသေးကြောင်း ဧရာဝတီတိုင်းဒေသကြီး အုပ်ချူပ်ရေးမှုး ဦးအေးကျော် ကပြောသည်။

မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်း၊ ရေကြည် ၊ကျုံပျော် ၊ ပုသိမ်၊ ကန်ကြီးထောင့် ၊ ကျောင်းကုန်း ၊ ပန်းတနော် ၊ဓနုဖြူ အစရှိသည့် ဒေသများနှင့် ဇလွန် ၊လေးမျက်နှာ ၊ အိမ်မဲ၊ ညောင်တုန်း အစရှိသည့် မြို့နယ်များတွင်  ကျောင်းများ ပိတ်ထားရပြီး  လတ်တလောကာလတွင့် ပြန်လည် ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း သိရှိရပါသည်။
“ကျောင်းတွေ စပိတ်ခဲ့တာက သြဂုတ်လ ၄ ရက်နေ့ ကတည်းကပါ မြိုနယ်အလိုက်တော့  ပိတ်ရက် မတူပါဘူး ။  တချို့မြှိုတွေမှာက မြို့ပေါ်မှာ ရေကြီးလို့ ပိတ်ထားတာ မဟုတ်ဘူး။ ရွာတွေက လာမဲ့ ကျောင်းသူကျောင်းသား ကလေးငယ်တွေ ရေပြင်ကျယ်ကြီး ဖြတ်လာရမှာ အန္တရာယ် ရှိလို့ ပိတ်ထားတာပါ”” ဟု ဦးအေးကျော် ကပြောသည်။
မြစ်ရေကြီးမှု အဆိုးရွားဆုံး ဖြစ်ပေါ်ခဲ့သည့် သာပေါင်းမြို့တွင် ကျောင်းပေါင်း ၉၀ ၊ ရေကြည်မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း ၊ကျုံပျော်မြို့တွင် ကျောင်းပေါင်း ၂၄ ကျောင်း ၊ ပုသိမ်မြို့တွင် ကျောင်းပေါင်း ၉၆ကျောင်း၊ ကန်ကြီးထောင့် မြို့တွင် ကျောင်းပေါင်း၄၅ကျောင်း၊ ကျောင်းကုန်းမြို့တွင် ကျောင်းပေါင်း ၄၅ကျောင်း  ၊ ပန်းတနော်မြို့တွင် ကျောင်းပေါင်း ၂၆ ကျောင်း ၊ဓနုဖြူ မြို့တွင် ကျောင်းပေါင်း ၂၃ကျောင်း၊ဇလွန်မြို့တွင် ကျောင်းပေါင်း၂၆ကျောင်း ၊လေးမျက်နှာမြို့တွင် ကျောင်းပေါင်း ၁၄ ကျောင်း၊ အိမ်မဲမြို့တွင် ကျောင်း ၁ ကျောင်းနှင့် ညောင်တုန်းမြို့တွင် ကျောင်း ၁ ကျောင်း ပိတ်ထားရပြီး  လတ်တလောကာလတွင့် ပြန်လည် ဖွင့်လှစ်နိုင်ဦးမည် မဟုတ်ကြောင်း သိရှိရပါသည်။
“လတ်တလောမှာတော့ ဖွင့်နိုင်ဖို့ မလွယ်သေးဘူး ။ တချို့ကျောင်းတွေက ကယ်ဆယ်ေ၇းစခန်း ဖွင့်ထားရတယ်။ တချို့ကျောင်းတွေကလည်း ရေမြုပ်နေတယ် ။ ကလေးတွေအတွက် ဘေးကင်းလုံခြုံစွာ သင်ကြားနိုင်တဲ့ အချိန်ကျမှ  ဒေသအလိုက် ပြန်ဖွင့်ပေးပြီး အစားထိုးသင်ကြားမှု အစီအစဉ်တွေနဲ့ ပြန်ပြီး ဂရုတစိုက် သင်ကြားပေးရမှာပါ” ဟု ယင်းက ဆက်လက်ပြောကြားသည်။
လက်ရှိကာလတွင် င၀န်မြစ်ရေ အခြေအနေမှာ မြို့ပေါ်နေရာများတွင် ရေကျနေသော်လည်း  အဓိကရေနစ်မြုပ်နေသည့်  ကျေးရွာ အုပ်စုများတွင်  ရေကျဆင်းမှု သိသာစွာ မရှိသေးဘဲ   စိုးရိမ်ရေမှတ်အထက်တွင် ၃ ရက်ခန့် ဆက်လက်ရှိနေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဋ္ဌာနမှ ဦးချစ်ကျော်က ပြောသည်။
“အထက်မှာ မိုးကောင်းနေတာ မရှိတဲ့အတွက် အထက်ရေ ကျလာစရာ မရှိတော့လို့ င၀န်မြစ်ရေက စိုးရိမ်ရေမှတ်အထက်မှာ  ၃ ရက်လောက် ဆက်ရှိနေနိုင်ပေမဲ့  စိုးရိမ်စရာ မရှိပါဘူး။ အခုအချိန်ထိ သိသိသာသာ ရေမကျသေးတာက  အောက်ဖက်တွေမှာ မိုးများနေတဲ့အတွက် ရေမဆင်းနိုင်သေးလို့ပါ”ဟု ဦးချစ်ကျော်ကသုံးသပ်ပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။