Tuesday, August 14, 2012

သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမှ လူ(၃ဝဝဝ)ဝန်းကျင် ရေဘေးသင့်


မြဝတီမြို့တွင် ရက်ဆက်မိုးနှင့်အတူ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေပေါင်း ၆ဝဝ ကျော်ရေနစ်မြုပ်၍   ဒေသခံများရေဘေးဒုက္ခရောက်ခဲ့ကြသည်။

မိုးဆက်တိုက်၇ွာသွန်းမှုကြောင့် သြဂုတ်လ(၉)ရက်နေ့မှ စတင်ရေကြီးမှုဖြစ်ပေါ်လာသည်။ ဒေသခံစုစုပေါင်း (၂၉ဝဝ)ကျော် ရေဘေးသင့်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

'' သောင်ရင်းမြစ်ရေမြင့်တက်လာတာနဲ့အတူ မိုးကပါရွာတော့ရေက တော်တော်ကြီးသွား တာပါ။ ကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်တပြေးညီကယ်တင်နိုင်တဲ့အတွက် လူတော့ အသေအပျောက် မရှိပါဘူး။ '' ဟု မြဝတီမြို့စေတနာ နာရေးကူညီမှု အသင်း ဥက္ကဌ ဖြစ်သူ ဦးလှထွန်းက ပြောသည်။

မိုးရေများကြောင့် သောင်ရင်းမြစ်ရေအမြင့်မှာ ၇၅ဝ စင်တီမီတာခန့်ထိ မြင့်တက်သွားကာ သြဂုတ်လ (၁၂)ရက်နေ့မှ   ရေအနည်းငယ် ပြန်လည်ကျဆင်းလျှက်ရှိကြောင်း သိရသည်။ ထို့သို့ ရေကျနေသော်လည်း အနိမ့်ပိုင်းရပ်ကွက် များတွင်မူ ရေနစ်မြုပ်မှုခံနေရဆဲဖြစ်သည်။

မြဝတီမြို့ရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်၊ အမှတ်(၃) ရပ်ကွက်၊ ရေပူ ကျေးရွာနှင့် အမှတ် (၅) အောက် ဘက်ခြမ်း  ရှိ နေရာများနှင့်အမှတ်(၂)ရပ်ကွက်အောက် ဘက်ခြမ်း၊ ရေပူကျေးရွာနှင့် အမှတ်(၅) အောက်ဘက်ခြမ်းတွင် ယခုတိုင် ရေကြီးမှု ဆက်လက်ဖြစ်ပေါ်နေပြီး ကျန်ရပ်ကွက်များတွင်မူ ရေအနည်းငယ်ပြန်ကျနေခြင်းဖြစ်သည်။

အဆိုပါနေရာများတွင် ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရှိကာ ရေဘေးသင့်ပြည်သူ များအား အစားအစာနှင့် အဝတ်အထည်များအားပေးဝေလျှက် ကူညီဆောင်ရွက်ပေးနေ ကြောင်း သိရသည်။

ယခုလက်ရှိအချိန်တွင် တောရဘုန်းတော်ကြီးကျောင်း၊ ကြံခင်းဘုန်းတော်ကြီးကျောင်း၊ ဆွမ်းလောင်းဓမ္မာရုံ၊ ရေပူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းစသည့် ဘုန်းကြီးကျောင်း များတွင် ရေဘေးဒုက္ခသည်များ လာရောက်ခိုလှုံနေကြသည်။

ရေဘေးဒုက္ခသည် ကျား ၁၄၇၂ ယောက် နှင့် မ ၁၄၅၉ ယောက်တို့ရှိကြောင်း နာရေး ကူညီမှုအသင်းမှ   ကောက်ခံရရှိသည့်စာရင်းများအရ သိရသည်။

၁၉၉၄ ခုနှစ်ကလည်း ယခုထက်ပိုမိုဆိုးရွားစွာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီး အဲ့အချိန်တွင် မြဝတီ တစ်မြို့လုံးရေနစ်မြုပ်လု နီးပါးဖြစ်ပေါ်ခဲ့ဘူးကြောင်း ဦးလှထွန်းက ထပ်မံပြောကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။