ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ခရီးသည်တင်ယာဉ်များတင်သွင်း၍ ရပ်တင်ချ စနစ်အား (၃)လတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနက သိရှိရသည်။
"ဂျပန်ကားကုမ္ပ္ပဏီနဲ့ ပူးပေါင်းပြီးတော့ (၃)လတွင်း အကောင်အထည်ဖော်သွားမယ်။ အခု MIC တင်ထားတုန်းပါ။ အဲဒီကခွင့်ပြုပါမစ်ရရင် ၂လ ၃လအတွင်း ပြေးဆွဲနိုင်အောင် လုပ်ထားတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် မြန်မာနိုင်ငံ ဝင်ငွေလည်း ရမယ်။ ခရီးသည်တွေလည်း အချိန်ကြန့်ကြာမူတွေ သက်သာစွာနဲ့ သွားလာနိုင်မယ်''ဟု ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးမှ အင်ဂျင်နီယာချုပ် ဦးသန်းထွန်းက ပြောသည်။
အဆိုပါ ခရီးသည်တင်ယာဉ်များအား မြန်မာနိုင်ငံကုန်းလမ်းပို့ဆောင်ရေးနှင့် ဂျပန်နိုင်ငံ ICE – Group Japan Car Co.ltd မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ သတ်မှတ်နှုန်းထားအတိုင်း ပြေးဆွဲမည်ဖြစ် ကြောင်း၊ ပြေးဆွဲမည့်ယာဉ်လိုင်းများအား ရန်ကုန်တိုင်းဒေသကြီးနှင့် မထသတို့ဖြင့် ညှိနိုင်း၍ ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
''အခုလိုယာဉ်လိုင်းတွေ ထပ်တိုးချဲ့မယ်ဆိုတော့ ကောင်းတော့ ကောင်းပါတယ်။ ဒါပေမယ့် အထူးကားတွေဆိုရင် ခုံပြည့်သွားရင်လဲ လူထပ်တင်တာပဲ။ ရိုးရိုးကားတွေဆိုရင်လည်း မှတ်တိုင်တစ်တိုင်နဲ့ တစ်တိုင်အကြာကြီးရပ်တယ်။ အခုဆိုရင်လည်း အထူးကားတွေလဲ မှတ်တိုင်အကြာကြီးရပ်တာတွေပါရှိလာတယ်''ဟု အစိုးရရုံးဝန်ထမ်းတစ်ဦး မမျိုးမျိုးက ပြောသည်။
မြန်မာနိုင်ငံကုန်းလမ်းပို့ဆောင်ရေးသည် လွန်ခဲ့သောနှစ် (၂ဝ)ခန့်မှ စတင်တာ ယာဉ်လိုင်းများပြေးဆွဲမူ လျော့နည်း လာခဲ့ပြီး လက်ရှိတွင် ကျောင်းဖယ်ရီ၊ အဝေးပြေးယာဉ်၊ ရုံးဝန်ထမ်းကြိုပို့ယာဉ်များအဖြစ်သာ ပြေးဆွဲမူရှိခြင်းနှင့် ယခုကဲ့သို့ ရန်ကုန်မြို့တွင်း ပြေးဆွဲပေးမူပြန်လည်ဆောင်ရွက်ရခြင်းမှာ ခရီးသည်များ အချိန်ကြာမြင့်စွာ စောင့်ဆိုင်း ရခြင်း၊ ခရီးသည်များပြည်ကြပ်ခြင်း စသည့် ဒုက္ခများမှ အဆင်ပြေစေရန် အတွက်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင် ရေးဌာနက သိရသည်။
''ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ဖြစ်လာဖို့ အတွက်ဆိုရင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဟာ အရမ်းအရေးကြီးပါတယ်။ စက်သုံးဆီစွမ်းဆောင်မှုကောင်းမွန်ပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မူအနည်းဆုံးဖြစ်စေမယ့် မော်တော် ယာဉ်သစ်တွေနဲ့ လက်တွဲပါဝင်ကြိုးဆောင်ရွက်သွားမယ်'' ဟု ဂျပန်နိုင်ငံ( ICE – Group Japan Car Co.ltd )မှ ဥက္ကဌ Mr. Kazuhisa Iwamoto က ပြောသည်။
မြန်မာနိုင်ငံရှိ ပြည်သူများ သွားလာမှု လွယ်ကူစေရန် ပထမအဆင့်အနေဖြင့် မြို့တွင်းပြေးဆွဲမည့် ခရီးစဉ် ရေးဆွဲ ခြင်း၊ ဒုတိယအဆင့်အနေဖြင့် အချိန်မှတ်ထွက် အချိန်မှန်ရောက်စနစ်ရရှိရန် ဆောင်ရွက်ခြင်း၊ တတိယအဆင့် အနေဖြင့် ငွေကြေးများ အသုံးပြုခြင်းမရှိသော ကတ်ပြားစနစ်ကိုအသုံးပြုနိုင်သည့် စနစ်သို့ ပြောင်းလဲ ဆောင်ရွက် မည်ဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီက သိရှိရသည်။

No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။