Tuesday, August 14, 2012

တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို

ရန်ကုန် (မဇ္ဈိမ)။  ။ တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ များပြားနေသဖြင့် ၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။




ကော်မတီ၏ တွေ့ရှိချက် အစီရင်ခံစာကို ကော်မတီ ဥက္ကဋ္ဌဖြစ်သူ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်၌ သြဂုတ် ၁၀ ရက်နေ့က ဖတ်ကြား တင်သွင်းရာတွင် တရားသူကြီးများကို “အခြေခံဥပဒေမှာ တိကျစွာဖော်ပြထားတဲ့ အချက်အချို့မှအပ အခြားမည့်သည့်
အကြောင်းနှင့်မျှ အရေးယူ ဆောင်ရွက်လို့ မရနိုင်ကြောင်း လေ့လာစိစစ်
တွေ့ရှိရပါတယ်” ပါရှိကြောင်း လွှတ်တော် ၀ဘ်ဆိုက်တွင် ဖော်ပြထားသည်။

တရားသူကြီးများသည် တရားရုံး မထေမဲ့မြင်ပြုမှုဖြင့် တရားရင်ဆိုင်နေရသူ
များကို တရားစွဲဆိုနိုင်ခြင်း၊ တရားသူကြီးများကို ဥပဒေမှ ကင်းလွတ်ခွင့်များ
ပေးထားခြင်း၊ မှားယွင်း ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍
တရားသူကြီးများကို တန်ပြန် တရား မစွဲဆိုနိုင်ခြင်း စသည့်
ယေဘုယျဆန်သော ပြဋ္ဌာန်းချက်များသည် တရားသူကြီးများကို အဓိက ကာကွယ်ပေးထားသည့် အချက်များဖြစ်သည်ဟု ဥပဒေပညာရှင်နှင့် လွှတ်တော် အမတ်များက မဇ္ဈိမကို ပြောသည်။

ရန်ကုန်တိုင်း လွှတ်တော်အမတ်တဦးဖြစ်သူ ဒေါက်တာဒေါ်ညိုညိုသင်း က လက်ရှိ တရားစီရင်ရေးစနစ်တွင် တရားသူကြီးများ၏ လုပ်ပိုင်ခွင့်နှင့် ပတ်သက်၍ “ဘုရင်တဆူလို ဖြစ်နေတယ်” ဟု ဝေဖန်ပြောကြားလိုက်သည်။

တရားသူကြီးများ၏ တရားစီရင်ရေးနှင့် ပတ်သက်၍ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီသို့ ပြည်သူများက တိုင်ကြားလာသည်များအနက်မှ ခိုင်မာမှုရှိသော အမှုများကို ပြန်လည်စိစစ်အရေးယူရန် သက်ဆိုင်ရာ တရားလွှတ်တော်များထံ အကြောင်းကြားခဲ့ သော်လည်း အများစုသည် တာဝန်ကျေရုံသာ ပြန်လည် စိစစ်ကြသည်ကို
လေ့လာ တွေ့ရှိရကြောင်း သူရဦးအောင်ကိုက လွှတ်တော်တွင် အစီရင်ခံခဲ့သည်။

ကော်မတီ စတင်ဖွဲ့စည်းပြီးချိန်မှ ခြောက်လကျော် ကာလအတွင်း တရားစီရင်ရေးနှင့် ပတ်သက်သည့် တိုင်ကြားမှု
ပေါင်း ၁,၆၀၀ ကျော် ရှိသည့်အနက် ၄၃၂ ခုသည် အချက်အလက်၊ အထောက်အထား ခိုင်မာကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။
 
သူရဦးအောင်ကိုက ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားသည့် စီရင်ချက်များ ချမှတ်သည့် တရားသူကြီးများ
ကို အရေးယူနိုင်မည့် ဥပဒေကို ပြည်သူ့လွှတ်တော်သို့ တင်ပြ ပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်းနှင့် အောက်ခြေ
တရားစီရင်ရေး အချို့အနေဖြင့် စနစ်ဟောင်းကို ဆက်လက်ဖက်တွယ်နေဆဲ ဖြစ်သည်ကို တွေ့ရှိရကြောင်း ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်က စာနယ်ဇင်းများသို့ ပြောကြားခဲ့သည်။

ယိမ်းယိုင်တိမ်းစောင်းနေသည့် တရားစီရင်ရေး မဏ္ဍိုင်ကို လွှတ်တော်သက်တမ်း တခု၊ နှစ်ခုအတွင်း ပြန်လည်
ဖြောင့်မတ် ကြံ့ခိုင်လာစေရန်အတွက် တရားရေးတွင် သီလ၊ သမာဓိ၊ ပညာ ပြည့်စုံသည့် ပြင်ပ ဥပဒေပညာရှင်များ
ကိုပါ ထည့်သွင်း ဖွဲ့စည်းသင့်ကြောင်း၊ ပြည်ထောင်စုအဆင့်သာမက တိုင်းနှင့် ပြည်နယ် တရားလွှတ်တော် တို့ရှိ တရားသူကြီးများကို ပြည်သူက ရွေးချယ်တင်မြှောက်သူများဖြင့် ပြင်ဆင် ဖွဲ့စည်းပေးသင့်ကြောင်း ကော်မတီက လွှတ်တော်ကို အကြံပြုခဲ့သည်။

ပြည်ထောင်စုအဆင့် တရားသူကြီးချုပ်နှင့် တရားသူကြီးများကို ရာထူးမှ ရပ်စဲပေးရန် သမ္မတနှင့် ပြည်ထောင်စု
အဆင့်ရှိ လွှတ်တော်အမတ်များကသာ စွပ်စွဲပြစ်တင်ခွင့်ရှိပြီး လွှတ်တော်အမတ်များက စွပ်စွဲပြစ်တင်ပါက လွှတ်တော်တရပ်ရပ်၏ လေးပုံတပုံသော အမတ်များက လက်မှတ်ရေးထိုးရမည် ဖြစ်ပြီး သုံးပုံနှစ်ပုံက ထောက်ခံမှ
သာ စွပ်စွဲခွင့်ရှိကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည်။
 
ထို့အတူ တိုင်းနှင့်ပြည်နယ် အဆင့်ရှိ တရားသူကြီးချုပ်နှင့် တရားသူကြီးများ ရာထူးမှ ရပ်စဲပေးရန်ကိုလည်း သမ္မတ၊ တိုင်း (သို့) ပြည်နယ် ဝန်ကြီးချုပ်နှင့် အမတ်များကသာ စွပ်စွဲပြစ်တင်ခွင့်ရှိပြီး၊ လွှတ်တော်အမတ်များက စွပ်စွဲပြစ်တင်ပါက သက်ဆိုင်ရာ လွှတ်တော်၏ အမတ် အနည်းဆုံး လေးပုံတပုံက လက်မှတ်ရေးထိုးရမည်ဟုလည်း အခြေခံဥပဒေတွင် ဖော်ပြထားသည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။