Tuesday, August 14, 2012

မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်ရန်ရှိ

ရန်ကုန် (မဇ္ဈိမ) ။       ။ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဒေါ်လာ
သန်းပေါင်း ၄၅၀ ကျော် ရင်းနှီးရမည့် မော်တော်ယာဉ် ထုတ်လုပ်၊ ပြင်ဆင်ခြင်း နည်းပညာ ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ် တခုကို အကောင်အထည်ဖေါ်ရန် ဆောင်ရွက်နေကြောင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီတခုက ပြောသည်။

 “တက္ကသိုလ်၊ ကောလိပ်နဲ့ သင်တန်းကျောင်တွေ ဖွင့်လှစ်သွားမယ်။ အဲဒီဟာက ဂျပန်နိုင်ငံ အိုဆာကာ
မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ရဲ့ ပညာရေးအစီအစဉ်တခု ဖြစ်တယ်” ဟု ဂျပန် ကားကုမ္ပဏီ လီမိတက်ဟု အမည်ရသည့် ဖက်စပ်ကုမ္ပဏီဥက္ကဋ္ဌ မစ္စတာ ကာဇူဟီစာအီဂါမိုတို က ပြောသည်။

ယင်းစီမံကိန်း အကောင်အထည်ဖေါ်ရန် အဆိုပါ ၀န်ကြီးဌာနများနှင့် သဘောညီချက် ပြုလုပ်ပြီးဖြစ်၍ အသေးစိတ် လုပ်ဆောင်ရမည်များကို ဆက်လက်ညှိနှိုင်းနေကြောင်း ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးတင်အောင်မြင့် က ပြောသည်။

“မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်ကို ဂျပန်နိုင်ငံမှာရှိတဲ့ ဆရာတွေက လေးငါးနှစ်ကြာ လာသင်ကြားပေးမှာ
ဖြစ်ပြီး ဆရာဖြစ်သင်တန်းတွေကိုလည်း စီစဉ်ပို့ချပေးသွားမယ်။ သင်ရိုး ညွှန်းတမ်းကတော့ အိုဆာကာ သင်ရိုးအတိုင်း သင်သွားပေးမှာပါ” ဟု ဆိုသည်။

အဆိုပါ တက္ကသိုလ်အား လာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အမီ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်းနှင့် လေးနှစ်၊
နှစ်နှစ်၊ သုံးလ သင်တန်းများ ပေးကာ နှစ်ဘက် အစိုးရအသိအမှတ်ပြု အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်သွားမည်
ဖြစ်ကြောင်း ဦးတင်အောင်မြင့် က မဇ္ဈိမကို ပြောသည်။

သင်ကြားမည့် ဘာသာရပ်များတွင် ဒီဇိုင်းဆွဲနည်း၊ ကားသစ် တည်ဆောက် ထုတ်လုပ်ခြင်း၊ ကားနှင့် ပတ်သက်သော ဥပဒေများအပြင် အဟောင်းပြန်ပြင်သည့် နည်းပညာ စသည်တို့ ပါဝင်မည်။

မြန်မာပြည်တွင် တက္ကသိုလ်အဆင့် လေးနှစ်တက်ပြီး၍ ဘွဲ့ရလျှင် အိုဆာကာ တက္ကသိုလ်၌ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့
အတွက် ဆက်လက် ဆည်းပူးနိုင်သည်။ အလုပ်အကိုင် အခွင့်အလမ်း အနေဖြင့် ဂျပန်နိုင်ငံရှိ ကားကုမ္ပဏီများမှ လာရောက် ရွေးချယ်ကာ ဂျပန်နိုင်ငံ၌ အလုပ်အကိုင် ရရှိနိုင်မည် ဖြစ်သည်။

ထို့အပြင် တက္ကသိုလ် မတက်ရောက်နိုင်သူများ အတွက်လည်း မော်တော်ယာဉ် နည်းပညာ ကောလိပ် ဖွင့်လှစ်ပေးပြီး
နှစ်နှစ် တက်ရောက်စေကာ ဒီပလိုမာ ပေးအပ်သွားမည် ဖြစ်ကာ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင်လည်း သုံးလကျော် တက်ရောက်ရမည့် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။

ဂျပန်ကားကုမ္ပဏီက ရထားပို့ဆောင်ရေး ၀န်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ချက် တခုအနေဖြင့်
မြန်မာနိုင်ငံသို့ ကားအစီးရေ ၃,၀၀၀ တင်သွင်းရန်လည်း စီစဉ်ထားရှိပြီး ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။