Thursday, August 2, 2012

 ဧရာဝတီနှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲခွင့် ယာယီရပ်ဆိုင်း၊ ပြည်တွင်းရေကြောင်း သင်္ဘောများဖြင့်သာ ခရီးစဉ်များ ပြေးဆွဲလျက်ရှိ



ဖန်ရှန်းဒေသတွင် ရေကြီးမှုကို ကာကယ်ရန် ကယ်ဆယ်ရေးသမားများက မြစ်ကမ်းနံဘေးတွင် စီတန်းချထားမှုကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၂၆ ရက်နေ့က တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်များတွင် မြစ်ရေမြင့်တက်မှုကြောင့် ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲခွင့်အား ယာယီရပ်ဆိုင်းထားပြီး ပြည်တွင်းရေကြောင်း သင်္ဘောများဖြင့်သာ ခရီးစဉ်များအား ပြေးဆွဲလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဧရာဝတီ မြစ်အတွင်း မန္တလေး -ဗန်းမော်၊ ကသာ-ဗန်းမော် အစရှိသည့်မြို့များသို့ ပြည်တွင်းရေကြောင်းမှ ရေယာဉ်များ၊ ပုဂ္ဂလိကရေယာဉ်များ ပြေးဆွဲလျက်ရှိရာမှ ယခုလအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ပုဂ္ဂလိက ရေယာဉ်များ ဧရာဝတီမြစ်အတွင်း ပြေးဆွဲခွင့်အား ဒေသဆိုင်ရာ အာဏာပိုင်များမှ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍၂၀၁၂ခုနှစ် ဇူလိုင်လ ၂ရက်နေ့မှစ၍ ပြည်တွင်းရေကြောင်း၊ ဧရာဝတီဌာနခွဲမှ ရွှေကိန္နရီ ရေယာဉ်နှစ်စီးဖြင့် မန္တလေး-ဗန်းမော်ခရီးစဉ်အား ပြေးဆွဲလျက်ရှိသည်။
''ခုချိန်မှာ ပုဂ္ဂလိကရေယာဉ်တွေ ပြေးဆွဲခွင့် ရပ်နားထားတဲ့အတွက် ပြည်တွင်းရေကြောင်းက မန္တလေး-ဗန်းမော်ခရီးစဉ်ကို တစ်ပတ်ကို နှစ်ခေါက်နှုန်း၊ သင်္ဘောနှစ်စီးနဲ့ ပြေးဆွဲနေရာကနေ သင်္ဘောနောက်တစ်စီးနဲ့ တိုးမြှင့်ပြေးဆွဲဖို့ အစီအစဉ်ရှိပါတယ်''ဟု ပြည်တွင်းရေကြောင်းပို့ ဆောင်ရေးမှ ဗိုလ်မှူးကြီးလေးသွင်က ပြောကြားခဲ့သည်။
ယင်းအပြင် ချင်းတွင်းမြစ်အတွင်း၌လည်း မြစ်ရေမြင့်တက်ကာ သင်္ဘောဆိုက်ကပ်ရပ်နားရန် ဆိပ်ကမ်းအခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။
''ချင်းတွင်းမြစ်မှာဆိုရင် မြစ်ရေမြင့်တက်လာတဲ့အခါ ကမ်းနဲ့မြစ်ရေနဲ့က တစ်တန်းတည်းဖြစ်သွားပြီး သင်္ဘောကပ်ဖို့ ကမ်းပျောက်သွားတဲ့ ဖြစ်စဉ်တွေနဲ့ ကြုံတွေ့နေရတယ်။ ဒါကြောင့်မို့ ခရီးသည်တင် ရှော်တယ်ရေယာဉ်တွေ နဲ့ ကုန်တင်ရေယာဉ်တွေကို ပြေးဆွဲခွင့်မပြုဘဲ ပြည် တွင်းရေကြောင်းသင်္ဘောတွေ ပြေးဆွဲပေးနေပါတယ်''ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။