Thursday, August 2, 2012

ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၃ ဦး၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ် ပညာရေးဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲသွားမည်


5188
ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးနေစဉ်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်သည့် သူရဦးအောင်ကို၊ ဒေါ်တင်နွယ်ဦးတို့၏ ဆွေးနွေးချက်အရ ပြည်သူ့လွှတ်တော်တွင် အတည်ပြုမည့် ၂၀၁၂ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ရပ်ဆိုင်းကာ အသစ်ပြန်လည် ပြင်ဆင် ရေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ဇူလိုင်လ ၃၁ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၁၂ခုနှစ်၊ တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ မှ ရေးဆွဲ တင်သွင်းထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြား ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်များမှတင်သွင်းထားသည့် ပြင်ဆင်ချက်အဆို ၆၆ခုကို ဆွေးနွေးကာ အတည်ပြုပြဌာန်းနိုင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
၎င်းဥပဒေကြမ်းကို စတင် မဆွေးနွေးမှီ ဒေါ်တင်နွယ်ဦးက “တင်သွင်းလာတဲ့ ပညာရေးဥပဒေကြမ်း မှာ တက္ကသိုလ်များ ကြီးကြပ်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သည့် တက္ကသိုလ်များ ဗဟိုကောင်စီ၊ တက္ကသိုလ်များစီမံခန့်ခွဲရေးအတွက် ပညာရေးဝန်ကြီးဌာနက တိုက်ရိုက်စီမံခန့်ခွဲခြင်း၊ တက္ကသိုလ်ပညာရေးအဖွဲ့များ ကောင်စီ၏ ဥက္ကဌမှာ ပညာရေးဝန်ကြီးဌာန ၀န်ကြီးဖြစ်ခြင်း၊ တက္ကသိုလ်များ၏ ဘဏ္ဍာရေးအရအသုံးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရဌာန များနည်းတူ ကျခံသုံးစွဲရခြင်းတို့ပါ ရှိပေရာ တက္ကသိုလ်ဆိုသည်မှာ လွတ်လပ်စွာ ပညာရှာမှီးဆည်းပူးရာ ဌာနများမဟုတ်တော့ဘဲ အစိုးရ၏ ဗျူရိုကရေစီယန္တရားတွင် အပါအ၀င် ဌာနတစ်ခုဖြစ်နေပါတယ်။ ထို့ကြောင့် ယနေ့တင်သွင်းလာသည့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းအား လွှတ်တော်မှ လက်မခံပယ်ချသင့်ပါကြောင်းနှင့် လက်ရှိအပြောင်းအလဲ နှင့် လိုက်လျောညီထွေဖြစ်မည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်များ တည်ဆောက်ရေးအတွက် လိုအပ်သည့် တက္ကသိုလ်ဥပဒေသစ်များ ပြဌာန်းပေးပါရန်နှင့် တင်သွင်းလာသည့် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ကန့်ကွက်ပါကြောင်း တင်ပြအပ်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် သူရဦးအောင်ကို က “ယခုတင်သွင်းလာသော တက္ကသိုလ် ပညာရေးဥပဒေကြမ်းသည် ၁၉၇၃ ခုနှစ်ကာလ ဆိုရှယ်လစ်စနစ်ကို အထောက်အကူပြုသည့် ဥပဒေကို မွမ်းမံပြင်ဆင်ထားသော ဥပဒေကြမ်းဖြစ်ကြောင်း လေ့လာ သိရှိနိုင်ပါတယ်။ တက္ကသိုလ်များ၏  အုပ်ချုပ်ရေး၊ သင်ကြားရေး၊ ဘဏ္ဍာရေး၊ စည်းကမ်း ထိန်းသိမ်းရေးစသည့် အရေးကိစ္စအားလုံးကို ၀န်ကြီးဌာနက ထိန်းချုပ်ထားသောကြောင့် ဖြစ်ပါတယ်။ နိုင်ငံတကာ အဆင့်မီတက္ကသိုလ်ဖြစ်ရန် အတွက် လိုအပ်ချက်မှာ လွတ်လပ်သော တက္ကသိုလ်ကောင်စီ ဖွဲ့စည်းလျက် လွတ်လပ်စွာစီမံ အုပ်ချုပ်ခွင့်ပြုရန်၊ လွတ်လပ်သော သင်ကြားရေး မဟာဌာနကြီးများဖွဲ့စည်း လျက် သင်ရိုးဇယားများကို ခေတ် နှင့်အညီ အစဉ်ပြုပြင်ရေးဆွဲပြဌာန်းရန်၊ အခြားနည်းလမ်းဖြင့် လွတ်လပ်စွာ ရန်ပုံငွေရှာဖွေခွင့် သုံးစွဲခွင့်ပြုရန်၊ နိုင်ငံခြားသားပညာရှင်များ၊ သင်ကြားရေးဆရာများ ဌားရမ်းခွင့်ပြုရန်၊ အဆောင်ပါဝင်သော တက္ကသိုလ်များ တည်ထောင်ခွင့်ပြုရန်၊ သီခြားရပ်တည်နိုင်သော တက္ကသိုလ်ဖြစ်ရန် လိုအပ်ချက်များ ပံပိုးပေးရန်တို့ဖြစ်ပါတယ်။ ယခုကာလမျိုးတွင် တင်သွင်းလာသော တက္ကသိုလ်ပညာရေးဥပဒေ ကြမ်းသည်  ခေတ်စနစ်တို့နှင့်အံဝင် လျော်ညီခြင်းမရှိပါကြောင်း တင်ပြအပ်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင် “ကျွန်မ ဒီတက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို အင်မတန်မှစိတ်ဝင်စားခဲ့တာကြောင့်မို့လို့ လွှတ်တော်ကိုစပြီး တက်ကတည်းက ကျွန်မဥက္ကဌကြီးကို ပြည်သူ့လွှတ်တော်ဥပဒေ ၁၀(ခ)အရရော ပြည်သူ့လွှတ်တော်နည်းဥပဒေ ၁၅၈ (င)အရရော တင်သွင်းခဲ့ပါတယ်။ ၁၅၈(င)ကတော့ ဥပဒေကြမ်းတစ်ခုကို မည်သည့်အဆင့်မှာရောက်ရှိ စေကာမူ ဥက္ကဌကြီးရဲ့ သဘောတူညီ ချက်နဲ့ ဥပဒေကြမ်းကို ဆွေးနွေးခြင်း ကို ရွှေ့ဆိုင်းပေးရန် အဆိုတင်သွင်း ဖို့ ကျွန်မလျှောက်ထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက လွှတ်တော်ရုံးကနေ ဒီဥပဒေတင်သွင်းခဲ့ တာလည်း ကြာပြီဖြစ်တာကြောင့် ကျွန်မအနေနဲ့ဆွေးနွေးခြင်တာတွေ ရှိရင် ပြင်ဆင်ချက်ဇယားအရပဲ ထည့်သွင်းပြီးပြောပါဆိုပြီး အကြောင်း ကြားခဲ့ပါတယ်။ အဲဒါ ကြောင့်မို့လို့ ဒီပြင်ဆင်ချက်ဇယား ထဲမှာပဲ တတ်နိုင်သလောက် ကျွန်မပြင်ဆင်ချင်တဲ့ အပိုင်းတွေကို ပြင်ဆင်ပြီးတော့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ မလုံလောက်ပါဘူး။ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့ အနေနဲ့ အများကြီးပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးချင်ပါတယ်။  ဒါပေမယ့် ပြည်သူ့လွှတ်တော်ရုံးကနေ ဒါဟာဆွေးနွေးဖို့နောက်ကျ သွားပြီလို့ ပြောတာကြောင့် ဆွေးနွေးပိုင်ခွင့်မရခဲ့ပါဘူး။ ဒီလိုပဲ ဇယား အရ တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ရှေ့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦး ပြောသွားတဲ့အတိုင်းပဲ ဒီဥပဒေတစ်ခုလုံးကို ပြန်လည်ပြီး သုံးသပ် ဆွေးနွေးသင့်တယ်လို့ ကျွန်မအနေ နဲ့ ယုံကြည်ပါတယ်။ အဲဒါကြောင့် လွှတ်တော် ဥက္ကဌကြီးနဲ့တစ်ကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံးဟာ ပြည်သူ့လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအရ ဖြစ်နိုင်မယ်ဆို ရင် ဒီဥပဒေကြမ်း တစ်ခုလုံးကို ပြန်လည် ဆွေးနွေးပြီး ဒီနိုင်ငံ၊ ဒီကာလ၊ ဒီကမ္ဘာကြီးနဲ့ ပိုပြီးသင့်တော်မယ့် ဥပဒေကြမ်းတစ်ခု ဖြစ်ပေါ်လာရေး အတွက် လုပ်ဆောင်ပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်” ဟုပြောကြားခဲ့သည်။
ထို့နောက် ပညာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြအေးက private school များ ၂၀၁၂ခုနှစ်အတွင်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း၊ ပြည်တွင်း တက္ကသိုလ်အချို့နှင့် ပြည်ပတက္ကသိုလ်များ ချိတ်ဆက်ဆောင်ရွက်သွားရန်ရှိကြောင်း၊ အဆိုရှင် နှစ်ဦးတင်ပြသည့် autonomous  university များ၊ national university များဖြစ်ရန် အလှမ်းမဝေးတော့ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
ထိုအခါ ဒေါ်အောင်ဆန်းစုကြည်က “သက်ဆိုင်ရာဝန်ကြီးဌာနက ရှင်းပြသွားတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်ခုနက ကိုယ်စားလှယ် ၂ ဦးပြောသွားတဲ့ အချက်နဲ့ ကျွန်မ ပြင်ထားတဲ့အချက်တွေက အခု မြန်မာနိုင်ငံက တက္ကသိုလ်တွေဟာ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဆက်သွယ်ရေးကို အဓိကထားပြီးပြောတာ မဟုတ်ပါဘူး။ တက္ကသိုလ်များနဲ့ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ကို ပြောတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တက္ကသိုလ်အသီးသီးရဲ့ လွှတ်လပ်ပိုင်ခွင့်ရှိဖို့အတွက် ပညာရေးဝန်ကြီး ဌာနရဲ့ သြဇာအာဏာလျော့ချရေးကို အဓိကထားပြီး ပြောတာလို့ ကျွန်မ နားလည်ပါတယ်။လွှတ်တော်ကိုယ် စားလှယ် ၂ယောက်လည်း ဒီအတိုင်း ပဲ ဖြေသွားတာပါ။ကျွန်မရဲ့ ရည်ရွယ်ချက်ကလည်း ဒီလိုပဲဖြစ်ပါတယ်။ ဒီတော့ ဘယ်လိုပဲ နိုင်ငံခြား တက္ကသိုလ်တွေနဲ့ ဆက်သွယ်နေ၊ ဆက်သွယ်နေ ဒီဆက်သွယ်မှုကို ပညာရေးဝန်ကြီးဌာနကနေ အုပ်စည်း ထားမယ်ဆိုရင် ခေတ်နဲ့လျှော်ညီတဲ့ လွှတ်လပ်တဲ့ တက္ကသိုလ်တွေ မပေါ်လာနိုင်ဘူးလို့ ကျွန်မထင်တဲ့ အကြောင်း လေးစားစွာပြောကြား လိုပါတယ်”ဟု ပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဌ၏ ခွင့်ပြုချက်အရ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း ညွန့်မှ ပြည်သူ့လွှတ်တော် ဥပဒေ ၁၅၈ပုဒ်မခွဲ (ဃ)တွင်ပါဝင်သည့် အတိုင်း ဥပဒေကြမ်းဆွေးနွေးခြင်း ကို ရွေ့ဆိုင်းပေးရန် အဆိုတင်သွင်းခဲ့ရာ အဆိုကို ကန့်ကွက်မည့်သူမရှိသည့်အတွက် အဆိုအတည်ဖြစ် ကြောင်း ကြေညာခဲ့သည်။
ထို့နောက် တက္ကသိုလ်ပညာရေး ဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီ၊ ဥပဒေရေးရာနှင့်အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ စိတ်ဝင်စားကြသော လွှတ်တော် ကိုယ်စားလှယ်များ ညှိုနှိုင်းရေးဆွဲကာ လွှတ်တော်ဆန္ဒရယူကာ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌက ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။