Thursday, August 2, 2012

ရေကြီးရေလျံမှုများ ကြုံတွေ့နေရသည့် ဒေသများ၌ မသန့်ရှင်းသည့်ရေကြောင့် ဖြစ်ပွားနိုင်သော ကူးစက်ရောဂါများကို သတိပြုသင့်ကြောင်း ကျန်းမာရေးပညာရှင်များ ပြောကြား


မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရေကြီးရေလျံမှုများ ကြုံတွေ့နေရပြီး မသန့်ရှင်းသည့် ရေကြောင့်ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို သတိပြုသင့်ကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ရေကြီးရေလျံမှုများ ကြုံတွေ့နေရသည့် ဒေသများတွင် အစားအစာနှင့် သောက်သုံးရေသန့်ရှင်းမှု အားနည်းခြင်း၊ သောက်သုံးရေ လုံလောက်မှုမရှိခြင်း၊ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှု အားနည်းခြင်း၊ စနစ်တကျလက်ဆေးမှုနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုအားနည်းခြင်း စသည်တို့ကြောင့်ဖြစ်သည့် ဖျားနာခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ၊ ၀မ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားဆိုင်ရာရောဂါများ ဖြစ်ပွားနိုင်ပြီး အဓိကအားဖြင့် ၀မ်းပျက်ဝမ်းလျောရောဂါများ ဖြစ် ပွားမှုများကြောင်း ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့သည်။

''လက်ရှိ ရေကြီးရေလျံဖြစ်နေတဲ့ ဒေသတွေမှာ ရေကောင်းရေသန့် ရရှိအောင် မြို့နယ် ကြက်ခြေနီစေတနာ့ဝန်ထမ်းတွေက လုပ်ဆောင်ပေးနေပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကိုတော့ အဲဒီဒေသက မြို့နယ်ကျန်းမာရေးဌာန တွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ပေးနေပါတယ်။ အခုချိန်မှာက တချို့ဖျားနာတာလောက်ပဲ ရှိပါသေးတယ်။ နောက်ပိုင်းရေမကျရင် အိမ်သာသန့်ရှင်းမှုမရှိတာ၊ သောက်သုံးရေရရှိမှု အားနည်းတာ၊ အစားအစာသန့်ရှင်းမှု အားနည်းတာကြောင့်ဖြစ်တဲ့ ၀မ်း ရောဂါတွေ မဖြစ်အောင် ဂရုစိုက်ဖို့နဲ့ ခုချိန်ကလေးတွေမှာ သွေးလွန်တုပ်ကွေးရောဂါတွေလည်း ဖြစ်နိုင်တဲ့အတွက် ကာကွယ်ရေးနဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်နေပါတယ်''ဟု မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ 
မိုးရာသီကာလများတွင် ၀မ်းပျက်ဝမ်းလျောရောဂါမှာ ပိုမိုဖြစ်ပွားတတ်ပြီး ကျား၊ မ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ကြောင်း၊ ၀မ်းပျက် ၀မ်းလျောရောဂါကြောင့် ခန္ဓာကိုယ်တွင်း အရည်ခမ်းခြောက်ခြင်း၊ အာဟာရချို့တဲ့ခြင်းများ ဖြစ်ပွားစေပြီး အသက်ဆုံးရှုံးနိုင်ကြောင်း၊ အထူးသဖြင့် ကလေးငယ်များသည် အရည်ခမ်းခြောက်မှုဒဏ်ကို ခံနိုင်မှုအားနည်းသည့်အတွက် သေဆုံးမှုပိုမိုများပြားကြောင်း သိရသည်။

''၀မ်းပျက်ဝမ်းလျောရောဂါက ရောဂါလက္ခဏာခံစားရတာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားတယ်။ ပြင်းထန်တဲ့ ၀မ်းပျက်ဝမ်းလျောရောဂါက ကာလ၀မ်းရောဂါပိုးအိုဝမ်းအမျိုးအစား စတင်ဝင်ရောက် ကူးစက်ခံရပြီး တစ်နိုင်ငံလုံးကို ပျံ့နှံ့နိုင်ပါတယ်။ အများအားဖြင့် ယာယီ အလုပ်စခန်းတွေ၊ ယာယီရွှေ့ပြောင်း အလုပ်လုပ်ကိုင်သူတွေနဲ့ တချို့မြို့ရွာ ကျေးလက်ဒေသတွေမှာ ယင်လုံအိမ်သာ ဆောက်လုပ်သုံးစွဲမှုမရှိဘဲ ဖြစ်သလိုမြေပြင်မှာ တိုက်ရိုက် မစင်စွန့်ပစ်ကြတယ်။ မိုးဦးကျနဲ့ မိုးပြတ်တောင်း ပြတ်တောင်း ရွာချနေတဲ့အချိန် ဖြစ်သလို စွန့်ပစ်ထားတဲ့ မစင်အညစ်အ ကြေးတွေက ရွာချလာတဲ့မိုးရေတွေနဲ့အတူ သောက်သုံးရေ အရင်းအမြစ်တွေဆီ(ရေတွင်း၊ ရေကန်၊ မြစ်ချောင်းများ)  စီးဝင်ပြီး အဲဒီရေကို သောက်သုံးမိသူတွေက ၀မ်းပျက် ၀မ်းလျောရောဂါ အစုလိုက် ဖြစ်ပွားတတ်ပါတယ်''ဟုကျန်းမာရေး ဦးစီးဌာန (ကူးစက်)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
ဝမ်းပျက်ဝမ်းလျောရောဂါသည် အစားအသောက်မှတစ်ဆင့်လည်း ကူးစက်ဖြစ်ပွားနိုင်ပြီး ရောဂါဖြစ်ပွားသူလူနာများ၏ အ၀တ်အစား အသုံးအဆောင်ပစ္စည်းများမှတစ်ဆင့် အနီးကပ်ကိုင်တွယ်ထိတွေ့ ပြုစုသူများအား ရောဂါကူးစက်ပြန့်ပွားမှုများ ဖြစ်နိုင်ကြောင်း သိရသည်။

ထို့အပြင် သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ၀မ်းပျက်ဝမ်းလျောရောဂါ အပါအ၀င် အခြားကူးစက်ရောဂါများ ဖြစ်ပွားနိုင်သည့်အတွက် သန့်ရှင်းသည့် သောက်သုံးရေ ရရှိရန်၊ သန့်ရှင်းလတ်ဆတ်သည့် အစားအစာရရှိရန်နှင့် ယင်လုံအိမ်သာများ စနစ်တကျသုံးစွဲရန် လိုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက အကြံပြု ပြောကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။