Sunday, August 19, 2012

မြေးအဘိုးနှစ်ဦး အရက်အတူသောက်ရာမှ အဘိုးအသတ်ခံရ

ရန်ကုန်၊ သြဂုတ် ၁၇

ကြည့်မြင်တိုင်မြို့နယ် ဘောဂ ရပ်ကွက်တွင် သြဂုတ်လ ၁၆ ရက်နေ့ ညနေပိုင်းက မြေးအဘိုးနှစ်ဦး အရက်
အတူသောက်ရာ စကားများ ထိုးကြိတ်ရာမှ အဘိုးဖြစ်သူ သေဆုံးသွားကြောင်း ယင်း ရပ်ကွက်အတွင်း နေထိုင်သူများထံမှ စုံစမ်း သိရှိရသည်။

ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်က တော်ဝင်လမ်း အိမ်အမှတ် ၅၆ တွင် နေထိုင်သည့် မြေးအဘိုးနှစ်ဦး အရက်အတူ သောက်သုံးရာမှ စကားများရ
န်ဖြစ်ကာ အဘွား၏ ဒုတိယခင်ပွန်းတော်သူ အဘိုး
ဖြစ်သူ အသက် ၄၆ နှစ်အရွယ်ရှိ ဦးတင်မြင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ယင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကိုကိုနိုင်က The Voice Weekly သို့ပြောကြားသည်။

အသက် ၂၄ နှစ်အရွယ်ရှိ မြေးဖြစ်သူ ဦးသီဟမြတ်မှာ ၎င်းအဘွား၏ ဒုတိယ ခင်ပွန်းသေဆုံးသူ ဦးတင်မြင့်နှင့်
ရန်ငြိုးရှိ၍မဟုတ်ဘဲ ထိုးကြိတ်မိရာမှ လက်လွန်သွားခြင်းဖြစ်သည်ဟု ယူဆ ရပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်းတို့ နှစ်ဦးသာ နေအိမ်တွင် ရှိကြောင်း ဦးကိုကိုနိုင်က ပြောဆိုသည်။

ရပ်ကွက်ကသိသည့်အချိန်မှာ ည ၉ နာရီကျော်မှဖြစ်ပြီး နယ်မြေခံရဲတပ်ဖွဲ့များနှင့် သွားရောက် ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ လဲလျောင်းလျက် ပုံသဏ္ဌာန် မပျက်ရှိသော်လည်း မျက်နှာနှင့် ပါးစပ်
ဝန်းကျင်တွင် ညိုမည်းဒဏ်ရာရနေသည်ကို တွေ့ရကြောင်း သွားရောက်ကြည့်ရှုခဲ့သူ ဘောဂရပ်ကွက်၌ နေထိုင်သည့် ဦးညွန့်ဝင်းက ၎င်းတွေ့မြင်ခဲ့ရပုံကိုရှင်းပြသည်။

လူသတ်မှုကျူးလွန်သည်ဟု ယူဆရသူ ဦးသီဟမြတ်ကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် ဘုရင့်နောင် ဈေးအနီး၌ ခရီးသည်တင်ယာဉ်ပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အသိပေးချက်ကို အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။

ယင်းအမှုကို ကြည့်မြင်တိုင် ရဲ တပ်ဖွဲ့စခန်းက ပ-၅၂၇ - ၂၀၁၂ ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

အမှုနှင့်ပတ်သက်၍ The Voice Weekly က ကြည့်မြင်တိုင်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ်မေးမြန်းရာ
ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။