Sunday, August 19, 2012

စီးနင်းသူ လျော့လာ၍ ရထားခရီးစဉ် ၅၀ ရာခိုင်နှုန်း ရပ်နား

စီးနင်းသူ လျော့လာ၍ ရထားခရီးစဉ် ၅၀ ရာခိုင်နှုန်း ရပ်နား





ခုတ်မောင်းချိန် ကြာမြင့်ပြီး စီးနင်းသူ လျော့ကျ သွား၍ လမ်းပိုင်းတို ခရီးစဉ် ၅၀ ရာခိုင်နှုန်းကျော် ရပ်နားလိုက်ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။ ဧရာဝတီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မွန်၊ ကချင်ပြည်နယ်တို့မှ ခရီးတိုလမ်းပိုင်း ၁၂ ခုကို ရပ်နားလိုက်သည်ဟု မြန်မာ့မီးရထားဌာနမှ လ/ထမန်နေဂျာ ဦးထောက်လျှာကန်းက ပြောသည်။
“ဒီခရီးတို လမ်းပိုင်းတွေမှာ ကုန်ကျစရိတ်ထက် ပြန်မရဘူး ဖြစ်နေတယ်။ ဒါကြောင့် နားလိုက်တာပါ” ဟု ၎င်းက ပြောသည်။ ခရီးလမ်းပိုင်းတိုများ ရပ်နားမှုအတွက် လေ့လာမှုများ ပြုလုပ်၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များနှင့် တွေ့ဆုံပြီးမှ သဘောတူညီချက်များ အရ ထိုသို့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။ ရပ်နားမှုတွင် မြစ်ကြီးနား-မိုးကောင်း၊ နေပြည်တော်-မြင်းခြံ၊ ဟင်္သာတ-ဇလွန်၊ မင်းဘူး-ပွင့်၊ ပခုက္ကူ-ပုဂံ၊ ဟင်္သာတ-ရေကြည်၊ သထုံ-မုပ္ပလင်၊ ရေး-ကိုးမိုင်၊ သထုံ-မုတ္တမ အစရှိသည်တို့ ဖြစ်ပြီး ပွင့်လင်းရာသီ ရောက်မှသာ လိုအပ်ချက်အပေါ် မူတည်၍ ပြန်လည် ပြေးဆွဲသွားရန် ရှိသည်ဟု မြန်မာ့မီးရထားမှ သိရသည်။
ဟင်္သာတမြို့ရှိ ဒေသခံတစ်ဦးက “အရင်တုန်းက ကျွန်တော်တို့ဆီမှာ သင်္ဘောနဲ့ ရထားနဲ့ပဲ ရှိပေမယ့် အခု ကားလမ်းတွေ အများကြီး ဖြစ်လာတော့ အချိန်မရွေး အလွယ်တကူ သွားလာနိုင်တဲ့အတွက် ရထားမစီးတော့ဘူး” ဟု ပြောသည်။ ဟင်္သာတမှ ရေကြည်သို့ ရထားဖြင့် သွားပါက ရထား လက်မှတ်ခမှာ ကျပ် ၃၀၀ သာ ရှိပြီး၊ အခြား ဆိုင်ကယ်၊ ကားတို့ဖြင့် သွားပါက ကျပ် ၂၀၀၀ ခန့် ကုန်ကျသော်လည်း ရထားထက် ဆိုင်ကယ်၊ ကားတို့မှာ ပိုမြန်သည့်အတွက် ရထားကို မရွေးချယ်ခြင်းလည်း ဖြစ်သည်ဟု ၎င်းက ဆက်လက် ပြောသည်။ မြန်မာ့မီးရထားက လမ်းပိုင်းတို ခရီးစဉ် ၁၂ ခု အပြင် နေပြည်တော်-မန္တလေး အထူးအမြန်ရထား ၂၅ အဆန်၊ ၂၆ အစုန်နှင့် ရန်ကုန်-မန္တလေး ၂၉ အဆန်၊ ၃၀ အစုန် ခရီးစဉ်တို့ကိုပါ စီးနင်သူ လျော့ကျနေခြင်းကြောင့် ရပ်နားထားကြောင်းနှင့် ရပ်နားထားသည့် လမ်းပိုင်းတို ခရီးစဉ်များမှ RBE တွဲများနှင့် ကားရထားတွဲများကို အခြားအသုံးဝင်သော လမ်းပိုင်းများ အပါအဝင် လိုအပ်သော နေရာများတွင် အားဖြည့်သွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။