Monday, July 2, 2012

ရခိုင်အရေးကိစ္စတွင် UNHCR မှ ၀န်ထမ်းတစ်ဦးနှင့် ခင်ပွန်းတို့ ထိန်းသိမ်းခံထားရမှုနှင့် ပတ်သက်ပြီး ၀န်ထမ်းကျင့်ဝတ် စည်းကမ်းအတိုင်း ဆောင်ရွက်သွားမည်ဟု UNHCR ၏ ပြောခွင့်ရ ပုဂ္ဂိုလ်ပြောကြား

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ အမျိုးသမီး ၀န်ထမ်းတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့ ထိန်းသိမ်းခံထားရမှု နှင့် ပတ်သက်၍ ၎င်းတို့အဖွဲ့အစည်း မှ ထားရှိသော ၀န်ထမ်းကျင့်ဝတ် စည်းကမ်း (Code of Conduct) အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း UNHCR ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် Ms.Kitty McKinsey က ပြောကြားခဲ့သည်။

UNHCR မှ ကွင်းဆင်း လက်ထောက် အရာရှိတစ်ဦးဖြစ်သူ ဒေါ်မြနန္ဒာအောင်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ GRAND OCEAN  Company မှ ဥက္ကဋ္ဌဖြစ်သူတို့၏ နေအိမ်ကို ၀င်ရောက်ရှာဖွေရာ နိုင်ငံတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ခွင့်ပြုချက်မရှိဘဲ ပြည်ပနိုင်ငံ အဖွဲ့အစည်းများထံသို့ Gmail  ဖြင့် ပေးပို့သည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ကို ထိန်းသိမ်းကာ အီလက်ထရောနစ် အက်ဥပဒေဖြင့် တရားစွဲဆို စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

နိုင်ငံတော်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ခွင့်ပြုချက် မရှိဘဲ ပြည်ပနိုင်ငံ အဖွဲ့အစည်းများထံသို့ gmail ဖြင့် ပေးပို့သည်ဟု စစ်ဆေးပေါ်ပေါက်သဖြင့် ၎င်းတို့ကိုထိန်းသိမ်းကာ အီလက်ထရောနစ် အက် ဥပဒေဖြင့် တရားစွဲဆိုစစ်ဆေးလျက် ရှိကြောင်း  .  .  .
“UN က ၀န်ထမ်းအားလုံးရဲ့ လျှို့ဝှက်ချက်နဲ့ ပုဂ္ဂိုလ်ရေးကို လေးစားသောအားဖြင့် ဘယ်ဝန်ထမ်း၊ ဘယ်သူကို ထိန်းသိမ်းထားတယ်လို့ မပြောဖို့ ဆုံးဖြတ်ထားပါတယ်။ UN ကတစ်စုံတစ်ယောက် ထိန်းသိမ်းခံထား ရတယ်ဆိုရင်လည်း တရားစွဲဆိုမှု ပြုရသေးတာမဟုတ်ဘူး။ တရားစွဲဆိုပြီ ဆိုရင်လည်း အပြစ်ရှိပြီလို့ ဆိုနိုင်သေးတာ မဟုတ်ပါဘူး။ ကျွန်မတို့က တရားရုံးက ထွက်ပေါ်လာတဲ့ ရလဒ် ကို စောင့်ကြည့်ရပါမယ်”ဟု UNHCR ၏ အာရှရုံးမှ ပြောရေးဆိုခွင့်ရှိသူ Ms.McKinsey က ဆိုသည်။
၎င်းင်းက UNHCR တွင် ၀န်ထမ်းများ လိုက်နာရမည့် တင်းကျပ်သည့် ၀န်ထမ်းကျင့်ဝတ်စည်းကမ်း (Code of Conduct) ရှိထားပြီးဖြစ်သည်ဟု ဆိုသည်။ “အကယ်၍ UNHCR က ၀န်ထမ်းတစ်ဦးဦး ပါဝင် ပတ်သက်နေမယ်ဆိုရင် ၀န်ထမ်းကျင့်ဝတ် စည်းကမ်းအတိုင်းပဲ ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက  Eleven Media Group ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်များ နှင့်ပတ်သက်ပြီး နယ်စည်းမထား ဆရာဝန်များအဖွဲ့ AZGမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကိုလည်း ထိန်းသိမ်းစစ်ဆေးလျက်ရှိပြီး အဆိုပါကိစ္စကို AZG မှ ဆက်လက် စုံစမ်းသွားမည်ဟု ဇွန်လ ၁၇ ရက် နေ့က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်။
AZG ကလည်း ၎င်းတို့ဝန်ထမ်းများကို မြန်မာနိုင်ငံ၏ ဥပဒေများနှင့် အညီ လိုက်နာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ၀န်ထမ်းတိုင်းသည် Code of Coduct (၀န်ထမ်းများ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ) ကို လက်မှတ် ရေးထိုးထားရကြောင်း၊ အဆိုပါ ကျင့်ဝတ်စည်းကမ်းများကို ဖောက်ဖျက်ပါက အဖွဲ့အစည်း၏ ရပ်တည်ချက်နှင့် မကိုက်ညီတော့သဖြင့် အလုပ်စာချုပ်ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။