Monday, July 2, 2012

 လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည် သုံးရက်ခွင့်ယူထား

ဇူလိုင်လ ၄ ရက်နေ့တွင် ပြန်လည်ကျင်းပမည့် လွှတ်တော်စတုတ္ထအကြိမ် ပုံမှန်အစည်းအဝေးတွင် ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သုံးရက်ခွင့်ယူထားပြီး လွှတ်တော် မတက်ရောက်နိုင်သေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက Eleven Media Group သို့ ဇူလိုင်လ ၁ ရက်နေ့က ပြောကြားခဲ့ပါသည်။

အသက် ၆၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်မှာဇွန်လ ၁၃ ရက်နေ့မှဇွန်လ ၂၉ ရက်နေ့အထိ ၁၇ ရက်ကြာ သွားရောက်ခဲ့သော ဥရောပ ငါးနိုင်ငံခရီးစဉ်အပြီး ကျန်းမာရေးအရ ခရီးပန်းလာသောကြောင့် ထိုသို့ ခွင့်ယူရခြင်းဖြစ်ကြောင်းလည်းဦးဉာဏ်ဝင်းက ပြောပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လာမည့်လွှတ်တော် စတင်ကျင်းပမည့် ဇူလိုင်လ ၃ရက်နေ့မှ ၅ ရက်နေ့အထိ စုစုပေါင်း သုံးရက်ခွင့်ယူထားခြင်းဖြစ်ကြောင်းလည်း ဆက်လက်ပြောပါသည်။

''စိုးရိမ်စရာမရှိပါဘူး။ ခရီးပန်းလို့ပါ။ အခုအနားယူနေပါတယ်။ ခွင့်ရက်ပြည့်ရင် လွှတ်တော် တက်မှာပါ''ဟု ဦးဉာဏ်ဝင်းက ဆိုပါသည်။

ဥရောပငါးနိုင်ငံခရီးစဉ်တွင်  ဒေါ်အောင်ဆန်းစုကြည်နှင့်အတူလိုက် ပါသွားသော နေပြည်တော် ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်က ''ခရီးပန်းလို့ဆိုတာထက် ခရီးစဉ်တွေကဆက်နေလို့ ခဏအနား ယူဖို့ ကျွန်တော်တို့ တောင်းပန်ခဲ့တာပါ'' ဟုပြောပါသည်။

ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် လွှတ်တော်မှ သုံးရက်ခွင့်ယူထား၍ တက်ရောက်နိုင်ခြင်း မရှိသေးသော်လည်း ကျန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များမှာ ဇူလိုင်လ ၄ ရက်နေ့မှစ၍ တက်ရောက်မည်ဖြစ်ကြောင်းလည်း ဦးဖြိုးဇေယျာသော်က ပြော ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပခရီးစဉ်များအဖြစ် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုင်ယာလန်၊ ဗြိတိန် နှင့် ပြင်သစ်နိုင်ငံများသို့ ဇွန်လ ၁၃ ရက်နေ့မှ ဇွန်လ ၂၉ ရက်နေ့အထိ သွားရောက်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။