Monday, July 2, 2012

 ငြိမ်းချမ်းရေးစင်တာ ဇူလိုင်လအတွင်း ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်

ငြိမ်းချမ်းရေးစင်တာ Peace Center အား ရန်ကုန်မြို့တွင် ယခုဇူလိုင်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များနှင့် နိုင်ငံတကာမှ အလှူရှင်များ၊ INGO များအကြား ပေါင်းကူးပေးရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

Peace Center အား ရန်ကုန်မြို့၊ ဦးဝိစာရလမ်း၊ ၀င်္ဒါမီယာအတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အဆိုပါစင်တာတွင် မီဒီယာပါ ထည့်သွင်းတည်ထောင်ကာ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်မှုသတင်းများ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထာ ၀ရငြိမ်းချမ်းရေး ဖော်ဆောင်နေမှု သတင်းများကို  Facebook ပေါ်သို့ တင်သွားမည်ဖြစ်ကြောင်း၊ Peace Media တွင် ပြည်တွင်းပြည်ပမှ ကျွမ်းကျင်သူများကို ငှားရမ်းအသုံးပြုသွားမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ကချင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ KIA မပါကျန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ စုစုပေါင်းအင်အားမှာ ၆၀၀၀၀ ကျော်ရှိကြောင်း၊ နယ်မြေမလုံခြုံ၍ တိမ်းရှောင်နေရသူပေါင်း ၄၃၀၀၀၀ ရှိကြောင်း၊ နယ်စပ်များရှိ ဒုက္ခသည်စခန်း ၁၀ ခုတွင် မှီခိုနေရသူပေါင်း ၃၅၀၀၀၀ ရှိကြောင်း သိရသည်။
ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်နိုင်၍ အဆိုပါ တိုင်းရင်းသား လက်နက်ကိုင်အင်အားနှင့် ဒုက္ခသည်များ ပြန်လည်ဝင်ရောက်လာပါက စားနပ်ရိက္ခာ ထောက်ပံ့ခြင်း၊ လူမှုရေး၊ ပညာရေးစရိတ်ထောက်ပံ့ခြင်း၊ ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းစသည်ဖြင့် အဆင့်များစွာ ပြုလုပ်ရေးရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပြုလုပ်ပေးနိုင်ရန်အတွက် Peace Donar Supporting Group ကို ဖွဲ့စည်းထားပြီး နော်ဝေနိုင်ငံ၊ ကမ္ဘာ့ဘဏ်နှင့် ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် အခြားနိုင်ငံများမှ ပါဝင်ကြောင်း၊ အဆိုပါအဖွဲ့မှ ကူ ညီပေးမည့်အစီအစဉ်များအပေါ် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက''နော်ဝေအပါအ၀င် ကူညီမှာပါ။ အမေရိကန်ဒေါ်လာ သန်း ၃၀ ရှိပါတယ်။ မလောက်ပါဘူး။ ကုန်ရင်ထပ်ပေးမယ် လို့လည်း ပြောပါတယ်။ ငွေကို အစိုးရက မကိုင်ပါဘူး။ PDSG ကပဲ ကိုင်မှာပါ။ ထပ်ထည့်မယ်လို့ ပြောထားတဲ့နိုင်ငံတွေလည်း ရှိပါသေး တယ်။ အခုငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ ဘယ်တိုင်းပြည် အကူအညီမှမပါပဲ ကိုယ့်ပြည်တွင်းမှာပဲ ငြိမ်းချမ်းရေးရအောင် ဆောင်ရွက်နေတာပါ။ အောင်မြင်ရင် Myanmar Model ဆိုပြီးထွက်လာမယ်။ ဒါကိုတစ်ခြား နိုင်ငံတွေက ပြန်ပြီး သုံးစွဲကြလိမ့်မယ်။ ဂုဏ်ယူဖို့ကောင်းပါတယ်'' ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။