Monday, July 2, 2012

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့ ၈၈ မျိုးဆက်ကျောင်းသားမျာနှင့် ရန်ကုန်မြို့တွင် ပထမဆုံးအကြိမ် တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအ၀င် ရေးရာကော်မတီဥက္ကဋ္ဌများ ပါဝင်သောအဖွဲ့နှင့် ၈၈ မျိုးဆက်ကျောင်းသားများသည် ဇူလိုင်လ ၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ဗဟန်းမြို့နယ် ရွှေဂုံတိုင်မီးပွိုင့်အနီး ယုဇနတာဝါရှိ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် ရန်ကုန်(ရုံးခွဲ)၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် လက်ရှိ အသွင်းကူးပြောင်းရေးကာလနှင့် ပတ်သက်သော အကြောင်းအရာကိစ္စများကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက် ကျောင်းသားများက ဥပဒေ၊ နည်းဥပဒေကိစ္စရပ်များ၊ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေးကိစ္စများနှင့် ပြည်ပရောက် နိုင်ငံရေးအင်အား စုများ ပြန်လာနိုင်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အသက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ . . .
''ဒါ ပထမဆုံး စတွေ့တဲ့ပွဲဖြစ်ပြီး လက်ရှိကျွန်တော်တို့နိုင်ငံမှာ နေ့စဉ် ကြုံတွေ့နေရတဲ့ ပြဿနာတွေမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍ အရေးကြီးတဲ့အကြောင်း၊ လွှတ်တော်ကနေ ဥပဒေတွေ ပြဋ္ဌာန်းတာ၊ ပြင်ဆင်တာ၊ ဖြည့်စွက်တာ၊ ပြန်သုံးသပ်တာ အစရှိသဖြင့်ပေါ့။ အဲဒါတွေ တစ်ကယ်အ သက်ဝင်လာဖို့၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့အစည်းတွေအကြား အထွေထွေ သဟဇာတဖြစ်ဖို့ အဲဒါတွေ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ အကြောင်းကိစ္စတစ်ခုရှိရင် ဆက်သွယ်နိုင်ဖို့ ဆက်သွယ်နိုင်မယ့် လမ်းကြောင်းလေးတစ်ခု ထားသွားဖို့လည်း ဥက္ကဋ္ဌကြီးက အ လေးအနက် ပြောသွားပါတယ်''ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ စီးပွားကူးသန်းရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်သိမ်း၊ အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးဌေးမြင့်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကို၊ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိန်းလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် တို့ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ကိုပြုံးချို၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုအံ့ဘွယ်ကျော် စသူတို့ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။