Tuesday, July 24, 2012

မိုင်ဂျာယန်စခန်းမှာ လိုအပ်ချက်အများဆုံးဟု နှောင်ကြိုးမဲ့များဆို

ကချင်ပြည်နယ်တွင် ကြုံတွေ့နေသော စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် ဒုက္ခသည်စခန်းများ အနက် မိုင်ဂျာယန်စခန်းသည် လိုအပ်ချက်အများဆုံးဖြစ်ကြောင်း နှောင်ကြိုးမဲ့ကွန်ယက်အဖွဲ့က ဆိုသည်။
 

ငြိမ်းချမ်းခြင်းသံစဉ်ညတွင် ကောက်ခံရရှိထားသော အလှူငွေများနှင့် အ၀တ်အထည်ပစ္စည်းများကို သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်း မီဒီယာများသို့ အသိပေးသည့်ပွဲတွင် ယခုလိုပြောကြားခဲ့ခြင်း ဖြစ်သည်။
 
“ကချင်ပြည်နယ်ငြိမ်းချမ်းရေးကွန်ယက်နဲ့ ကျွန်တော်တို့ချိတ်မိတယ် ၊ ချိတ်မိတော့မိုင်ဂျာယန် စခန်းမှာ လိုအပ်ချက်ပိုများတယ်လို့သိရတယ်”ဟု အဆိုပါအဖွဲ့မှ ဒေါက်တာ ကျော်ဇေယျက ပြောသည်။
 
ထို မိုင်ဂျာယန်အရပ်သည် မြစ်ကြီးနား၊ ၀ိုင်းမော်ထက် အရောက်အပေါက်နည်းပြီး သွားလာရန် ခက်ခဲသောကြောင့် ၎င်းတို့အဖွဲ့က သွားရောက်ကူညီရန်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
 
 မိုင်ဂျာယန်စခန်းသည် ကေအိုင်အို တပ်မဟာ(၃)လက်အောက်ခံနယ်မြေ၌ရှိသော ဒုက္ခသည်စခန်း တစ်ခုဖြစ်သည်။
 
မြစ်ကြီးနား၊ ၀ိုင်းမော် စခန်းများရှိ ကလေးငယ်များမှာ ပညာသင်ရန်အခက်အခဲမရှိ သော်လည်း မိုင်ဂျာယန်စခန်းရှိ ကလေးငယ်များအတွက်မူ အခက်အခဲရှိနေကြောင်း ၊ ကျန်းမာရေးအတွက်ဆိုလျှင် ဆေးဝါး အချို့သာ တွေ့ရပြီး ဆရာဝန်မရှိကြောင်းကို ၎င်းတို့ကိုယ်တိုင် သွားရောက်လေ့လာချက်များ အရ တွေ့ရှိရသည်ဟု ဒေါက်တာကျော်ဇေယျက ဆက်လက်ပြောကြားသည်။
 
နှောင်ကြိုးမဲ့ကွန်ယက်အဖွဲ့သည် ၎င်းတို့ကောက်ခံရရှိထားသော အလှူငွေများအနက်မှ အချို့ တစ်ဝက်ကို ဒုက္ခသည်များ  ဆေးကုသရာတွင်သုံးဆွဲမည်ဖြစ်ကြောင်း သိရ သည်။
 
“ရရှိတဲ့ငွေတစ်ဝက်ကိုတော့ သူတို့လိုအပ်တဲ့ စားဖို့ပဲဖြစ်ဖြစ် ၊ ကမ့်(စခန်း) ဆောက်ဖို့ပဲဖြစ်ဖြစ်သုံးမယ် ၊ ကျန်တာကိုတော့ ကျန်းမာရေး ကုသဖို့အတွက် သုံးမယ်” ဟု နှောင်ကြိုးမဲ့အဖွဲ့က ပြောကြားသည်။
 
တရုတ်မြန်မာနယ်စပ်ရှိ ကချင်စစ်ဘေးဒုက္ခသည်များနေထိုင်ရာကမ့်များသို့ ကိုယ်တိုင်သွားရောက် လေ့လာခဲ့သူ ကိုခင်မောင်ထွေးက ထိုကမ့်များတွင် တီဘီရောဂါသည်များကို တွေ့ရှိရပြီး ဆေးရရှိရန် အခက်အခဲရှိနေကြောင်းကိုလည်း ပြောပြခဲ့သည်။
 
“အဲဒီဖက်မှာရှိနေတဲ့ ကမ့်ခြောက်ခုကို ကချင်ငြိမ်းချမ်းရေးကွန်ယက်နဲ့ကျွန်တော်တို့ ရောက်ခဲ့ပါတယ် ၊ ကျွန်တော်ရောက်ခဲ့ တဲ့နေရာမှာ လူဦးရေ သုံးသောင်းကျော်ကျော်ရှိတယ် ၊ ကမ့်စာရင်းလည်း ကျွန်တော်တို့မှာ ရှိတယ် ၊ ဘာတွေလိုအပ် လဲပြောရင် အဲဒီမှာ တီဘီရောဂါကို ဆေးရက်မပြည့်သေးပဲနဲ့စစ်ဘေးတိမ်းရှောင်နေတဲ့ လူနာ(၄၀)လောက်ကို ကမ့်ခြောက်ခုမှာတွေ့ခဲ့ရတယ်”ဟု ကိုခင်မောင်ထွေး က ပြောကြားသည်။
 
မိုင်ဂျာယန်ဒေသသို့ အလှူရှင်များလာရောက်မှု နည်းပါးနေပြီး ၄င်းတို့ကိုယ်တိုင် ရှာဖွေစားသောက် နေရကြောင်းနှင့် အခက်အခဲများစွာကြုံတွေ့နေရကြောင်းကိုလည်း သိရှိရသည်။
 
 
“မြစ်ကြီးနားဝိုင်းမော်ဒေသက သွားရေးလာရေးလွယ်ကူတဲ့အတွက် အကုန်လုံးက အဲဒီကိုပဲ အများစုရောက် ကြတယ် ၊ သူတို့ဆီမှာဆိုရင် တစ်နှစ်ကျော်ကျော် လောက်ရှိနေတဲ့အချိန်မှာ လာပြီးတော့လှူတဲ့အလှူရှင်နည်းပါတယ် ၊ သူတို့ဟာသူတို့ဖြစ်သလိုပဲ လုပ်ကိုင်ရှာဖွေစားသောက်ပြီးအဲဒီမှာနေနေကြရတယ်” ဟုကိုခင်မောင်ထွေးက ဆက်ပြောသည်။
 
နယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများအပြင် တရုတ်နယ်မြေအတွင်းရှိ လိုင်ယင်း ဒုက္ခသည် စခန်းတွင်ဆေးဝါးနှင့်သူနာပြုသာရှိ၍ ဆရာဝန်မရှိကြောင်းကိုလည်း ၎င်းကထည့်သွင်းပြောကြားခဲ့ သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။