Tuesday, July 24, 2012

ဆီးဂိမ်းတွင် မြန်မာ ရွှေတံဆိပ် ၁၀၀ ကျော် ရရန် အားကစားဝန်ကြီး မျှော်မှန်း

နေပြည်တော်(မဇ္ဈိမ) ။       ။၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် ဘောလုံး အားကစားပြိုင်ပွဲ အပါအဝင် ရွှေဆုတံဆိပ်ပေါင်း ၁၀၀ ကျော် ရရှိနိုင်ရန်
မျှော်မှန်းထားသည်ဟု အားကစားဝန်ကြီး ဦးတင့်ဆန်းက တနင်္လာနေ့က နေပြည်တော် Mount Pleasant ဟိုတယ်တွင်
ပြုလုပ်သည့် ‘၂၇ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး စည်းဝေးပွဲ’ အပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

“စက်ဘီး၊ စစ်တုရင်၊ ဘိလိယက်၊ တာဝေးတို့ အဲဒါတွေကိုတော့ ဆုအများဆုံး ရရမယ်လို့ စဉ်းစားထားတာ ရှိတယ်။ အသက် ၂၂ နှစ်အောက် အာရှ ဘောလုံး ခြေစစ်ပွဲလည်း အောင်ပြီးပြီဆိုတော့ ဘောလုံးလည်း ရွှေရဖို့ မှန်းပါတယ်။
ရွှေတဆိပ် ၃၀၀ ကျော် ရှိတဲ့အနက် ၁၀၀ ကျော်လောက် မျှော်မှန်းပါတယ်” ဟု ဝန်ကြီးက မဇ္ဈိမကို ပြောသည်။

၂ဝ၁၃ ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေပြည်တော် ဇမ္ဗူသီရိ အားကစားကွင်း အတွင်း ဖွင့်ပွဲနှင့် ပိတ်ပွဲအခမ်းအနားများ ကျင်းပမည်ဖြစ်ရာ လိုအပ်သည့် နည်းပညာ အကူအညီများကို တရုတ်၊ ထိုင်းနှင့် မလေးရှား ကုမ္ပဏီများကို တင်ဒါ ခေါ်ယူထားသည်ဟုလည်း ဦးတင့်ဆန်းက ပြောသည်။

ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် သေနတ်ပစ်၊ မြှားပစ်၊ အလေးမ၊ ကရာတေးဒို စသည့် ကစားသမားများကို လည်း နေပြည်တော် လယ်ဝေး လေ့ကျင့်ရေးကွင်းတွင် တပတ်လျှင် သုံးရက်နှုန်းဖြင့် လေ့ကျင့်လျက်ရှိသည်ဟုလည်း ဦးတင့်ဆန်းက အစည်းအဝေးပွဲတွင် ပြောသွားသည်။ အားကစားနည်းပေါင်း ၃၁ နည်းရှိပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားနည်းများကို ဝန်ကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်ဆောင်ရွက်သွားရန် ရှိသည်ဟုလည်း ဆိုသည်။

အစည်းအဝေးသို့ တက်ရောက်လာသည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲ ကြိုတင်ပြင်ဆင်မှု ဥက္ကဋ္ဌ၊ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ကလည်း အားကစား ပြိုင်ပွဲတွင် အောင်မြင်သည့် သမိုင်းမှတ်တိုင်များ
ရေးထိုးနိုင်ကြရန် တိုက်တွန်း ပြောဆိုသွားခဲ့သေးသည်။

“ကျနော်တို့ရဲ့ အားကစားသမားတွေဟာ လာမယ့်အားကစားပြိုင်ပွဲမှာ အားကစားသမားတွေကော၊ တာဝန်ရှိတဲ့သူတွေ ကိုရော အားလုံး ကိုယ့်သမိုင်းကိုယ် ရေးကြရမှာ ဖြစ်ပါတယ်။ အဲဒီတော့ သမိုင်းက အောင်မြင်တဲ့ သမိုင်း၊ ကောင်းမွန်တဲ့ သမိုင်းနဲ့ ဂုဏ်သိက္ခာရှိတဲ့ သမိုင်း ဖြစ်ဖို့ ကျနော်တို့ ကြိုးစားရမှာဖြစ်ပါတယ်။ အားလုံးလည်း ကျနော်တို့နိုင်ငံကိုယ်စား ဂုဏ်ယူဝမ်းမြောက်နိုင်အောင် တာဝန်ရှိတဲ့သူကော၊ အားကစားသမားများကော အားလုံး ဝိုင်းဝန်းဆောင်ရွက်သွားကြပါ” ဟု ဒု-သမ္မတ က ပြောဆိုသွားခဲ့သည်။

တနင်္လာနေ နေ့နံနက် ၈ နာရီမှ မွန်းလွဲ ၂ နာရီအထိ ဒု-သမ္မတ၊ အားကစားဝန်ကြီးနှင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတို့သည် နေပြည်တော် လယ်ဝေး လေ့ကျင်းရေး ကွင်းအတွင်း အားကစားသမားများ၏ လေ့ကျင့်နေမှုများ၊ ဇမ္ဗူသီရိ ဘောလုံးကွင်း ဆောက်လုပ်မှု အခြေအနေတို့ကို သွားရောက်စစ်ဆေးခဲ့ကြသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။