Tuesday, July 24, 2012

သမ္မတနှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံမှုတွင်လည်း ဒီချုပ်ပါဝင်ဖွယ်မရှိ

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သီးသန့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အဆိုပါပါတီ နာ.ယ.က ဦးတင်ဦးက ဆိုသည်။
 

“သမ္မတနဲ့ နိုင်ငံရေးပါတီတွေက တွေ့ဆုံဖို့ခက်တယ်လေ။ကျွန်တော်တို့ပါတီအနေနဲ့ကသမ္မတနဲ့သီးသန့်တွေ့ဖို့စီစဉ်စရာမလိုပါဘူး။ ခါတိုင်းလဲ သမ္မတနဲ့ လ္ဘက်ရည်သောက်ဘာသောက် တွေ့ပြီး စကားစမြည်ပြောလေ့ရှိတာပဲ၊ ဒေါ်အောင်ဆန်းစုကြည်လဲ လွှတ်တော် တက်နေတော့သမ္မတနဲ့ မကြာခဏဆိုသလို တွေ့နေရတာပဲ တွေ့ပြီး ဆွေးနွေးစရာရှိတာဆွေးနွေးတော့ သီးသန့်တွေ့ဆုံဖို့ဆိုတာ မလိုအပ်ဘူးလေ “ ဟု ဒီချုပ်ပါတီ နာ.ယ.က ဦးတင်ဦးက ပြောသည်။
 
ငြိမ်းချမ်းရေးနှင့် ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များအား နိုင်ငံတော်သမ္မတကြီးနှင့် ဒုတိယအကြိမ်   တွေ့ဆုံသည့်အခါ တွင် နိုင်ငံရေးပါတီများအနေဖြင့် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
သမ္မတဦးသိန်းစိန်သည် လွှတ်တော်ရေးရာကိစ္စရပ်များ၊ ပြည်ပခရီးစဉ်များနှင့် လက်တလော တွေ့ဆုံရန် မဖြစ်နိုင်သေးသောကြောင့် အားလပ်ရက်ဖြစ်သည့် စနေ(သို့)တနင်္ဂနွေနေ့များတွင် နိုင်ငံရေးပါတီ(၇)ခုနှင့် ထပ်မံတွေ့ဆုံရန် အစီအစဉ် ရှိကြောင်းနှင့်   တွေ့ဆုံမည့်ရက်ကို အသိပေးထုတ် ပြန်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
နိုင်ငံရေးပါတီများအနေဖြင့် သမ္မနှင့် တွေ့ဆုံခွင့်ရရှိရန် ၀န်ကြီးချုပ်နှင့် ဦးစွာတွေ့ဆုံရန် လိုအပ် ကြောင်းကိုလည်း နိုင်ငံရေးပါတီများက သိရှိရသည်။
 
“ကျွန်တော်အနေနဲ့ကတော့ ၀န်ကြီးချုပ်နဲ့တွေ့တဲ့အခါ တရားရုံးကို မထီမဲ့မြင်ပြုခြင်းဥပဒေကို ပြင်ဆင်ဖို့ရယ် အစိုးရကနေ ဂျာနယ်တွေကို တရားစွဲဆိုတဲ့ကိစ္စတွေကို ဆွေးနွေးမယ်” ဟု အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒု-ဥက္ကဋ္ဌ မီးရထား ၀န်ကြီးဦးအောင်မင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့သည့် ဇူလိုင်လ(၂၂)ရက်နေ့နံနက်(၉)နာရီခွဲခန့်တွင် မရမ်းကုန်းမြို့ နယ်ရှိ စက်မှုဝန်ကြီးရုံး၌ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီသစ်ပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ၊ ခေတ်သစ်ပြည်သူ့ပါတီ ၊  မြန်မာ အမျိုးသားကွန်ကရက်ပါတီ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ကရင်ပြည်သူ့ပါတီတာဝန်ရှိသူများ တွေ့ဆုံခဲ့ကြသည်။
 
အဆိုပါတွေ့ဆုံပွဲတွင် ၀န်ကြီးဦးအောင်မင်းအနေဖြင့် အစိုးရမှဂျာနယ်များအပေါ်တရားစွဲဆိုခြင်းကို သဘောမကျကြောင်း အဆိုပါအချက်ကို နိုင်ငံတော်သမ္မတထံသို့ သီးသန့်တင်ပြသွားမည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။
 
 “၀န်ကြီးဦးအောင်မင်းက ဘယ်လိုပြောလဲဆိုတော့ သူ့အနေနဲ့ ဂျာနယ်တွေကို တရားပြန်စွဲတဲ့ကိစ္စကို သဘောမကျဘူးပေါ့ ဘယ်သူ့ဘက်မှလည်း အကျိုးရှိမှာမဟုတ်ဘူး၊ သူ့တို့ကိုယ်တိုင်လည်း မဖြစ်စေချင်ဘူးတဲ့ အဲ့ဒီအချက်ကို သမ္မတဆီ စာတင်ပေးမယ်လို့လည်း ပြောခဲ့တယ်“ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီသစ်မှ သတင်းပြန်ကြားရေးတာဝန်ခံ ဦးသန်းထွန်းက ပြောသည်။
 
ပြီးခဲ့သည့် ဇူလိုင်လ(၁၈)ရက်နေ့တွင် ပထမဆုံးအကြိမ်အဖြစ် နေပြည်တော်တွင် နိုင်ငံတော်သမ္မတနှင့် ဒီမိုကရက်တစ်ပါတီ(မြန်မာ)အပါအ၀င် မဟာမိတ်ပါတီ(၁၀)ပါတီတို့ တွေ့ဆုံခဲ့သေးသည်။
 
အဆိုပါတွေ့ဆုံမှုတွင်လည်း နိုင်ငံရေးပါတီများအနေဖြင့်တိုင်းရင်းသားအရေးကိစ္စများ၊  ပြုပြင်ပြောင်း လဲရန် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး သမ္မတအနေဖြင့် အမြန်ဆုံးဖြေရှင်း ဆောင်ရွက် ပေးခြင်းမျိုးကို မပြုလုပ်နိုင်သော်လည်း တတ်နိုင်သမျှ လေ့လာဆန်းစစ်၍ ဆောင်ရွက်ပေးမည်ဟု ကတိပြုစကား ပြောကြားခဲ့ကြောင်း ပါတီများက ဆိုသည်။
 
“ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်တဲ့သူတွေ ပြန်လာခွင့်ပေးတဲ့အပေါ်မှာ လုံခြုံမူပေးဖို့နဲ့ လယ်ယာမြေ  သိမ်းဆည်းခံနေရတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်ခဲ့တယ်” ဟု ဒီမိုကရက် တစ်ပါတီ(မြန်မာ)မှ အထွေထွေအတွင်းရေးမှူး   ဒေါ်သန်းသန်းနုက ပြောသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။