Tuesday, July 24, 2012

တဆင့်ခံဝယ်ယူမှုများကြောင့် အဆမတန်ဈေးထိုးတက်လာသော ပြင်ဦးလွင်အိမ်ခြံမြေဈေး

ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေဈေးကွက်များမှာတဆင့်ခံဝယ်ယူမှုများကြောင့် ယခုလအပါအ၀င် သုံးလနီးပါးခန့်အရောင်းအ၀ယ်ပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

 
“အခုလဆိုရင် အရင်လတွေကထက်တောင် အရောင်းအ၀ယ် ပါးသွားတယ်။ မြို့ထဲကအကွက်တွေဆိုလည်း ငြိမ်နေတယ်။ ဈေးကတော့ ကျမသွားဘူး။ တန့်နေတာပဲရှိတယ်။ကြိုက်ရောင်းကြိုက်ဝယ်ပေါ့။” ဟု ပြင်ဦးလွင်မြို့မှအိမ်ခြံမြေပွဲစားကိုမောင်မောင်ညိမ်းက ပြောသည်။
 
တဆင့်ခံဝယ်ယူမှုများပြားလာခြင်းကြောင့် ဈေးအဆမတန်မြင့်တက်ကာ ယခုကဲ့သို့အိမ်ခြံမြေအရောင်းအ၀ယ် ပါးရခြင်းဖြစ်သည်ဟု ဒေသခံပွဲစားများက ဆိုသည်။
 
ပြင်ဦးလွင်နောင်ခမ်းကြီးကျေးရွာတွင်မူအိမ်ခြံမြေအရောင်းအဝယ်မဖြစ်ကြောင်း ၎င်းဒေသနေ ပွဲစားတစ်ဦးက ဆိုသည်။
 
“ဒီဘက်မှာတော့ အရောင်းအ၀ယ်တွေ ငြိမ်နေတယ်။ ဒီလထဲ ဘာပွဲမှကိုမဖြစ်တာ။ဟိုတစ်လောကတော့ ရွာထဲမှာ ရုပ်ရှင်ဆက်တင်ဆောက်ဖို့ ဆိုလားမသိဘူး။ အဲ့ဒီတစ်ကွက်ပဲ အရောင်းအ၀ယ်ဖြစ်သေးတယ်။” ဟု အဆိုပါ ပွဲစားက ပြောသည်။
 
ထိုကဲ့သို့ တဆင့်ခံဝယ်ယူမှုများကြောင့် ဈေးတက်သွားသည့် မြေကွက်များမှာအများအားဖြင့်   ပြင်ဦးလွင်မြို့ကျေးရွာ များရှိ မြေကွက်များဖြစ်ကြောင်း သိရှိရသည်။
 
အဆိုပါကျေးရွာများရှိ မြေကွက်များအား သူဌေးများအနေဖြင့်နှစ်ရှည်ပင်များစိုက်ပျိုးရန်အတွက် ၀ယ်ယူကြခြင်းဖြစ်ပြီး ရေခြံများထက် ကုန်းခြံများကိုသာ ပိုမိုအလေးပေးဝယ်ယူကြကြောင်း သိရှိရသည်။
 
၂၀၁၁ခုနှစ်(၈)လပိုင်းခန့် ကစတင်၍ ပြင်ဦးလွင်မြို့တွင် မြေကွက်များမှာအ၀ယ်လိုက်လာပြီး တဆင့်ခံဝယ်ယူ မှုများမှ အဆင့်ဆင့်ရောင်းချမှုများကြောင့်တဖြည်းဖြည်းဈေးတက်လာကာ ဆယ်ဂဏန်းရှိသည့် မြေကွက်များ သည်ထောင်ဂဏန်း အထိရောက်ရှိလာကြောင်းကိုလည်း သိရှိရသည်။
 
ထိုကဲ့သို့ မြေကွက်များတန်ဖိုးမြင့်တက်လာခြင်းကြောင့်ဝယ်ယူသူများအနေဖြင့်လည်း စာရွက်၊ စာတမ်း ခိုင်ခိုင်လုံလုံနှင့် နောက်ကြောင်းရှင်းသော မြေကွက်များကိုသာ ရှာ၍ ၀ယ်ယူလာကြကြောင်း သိရသည်။
 
ရွာသားများအနေဖြင့် အများစုရောင်းနေကြသော မြေကွက်များမှာသီးစားချထားပေးသော စလစ်ရှိသည့်မြေကွက်များဖြစ်ကြောင်း ပွဲစားများ၏ပြောပြချက်အရ သိရသည်။
 
ကျေးရွာများ၏ မြေကွက်တန်ဖိုးများမှာ ယခုအချိန်တွင် ကားဝင်၍ရသော၊လမ်းဘေးကျသောမြေကွက်များအနေဖြင့် တစ်ဧကနှုန်းလျှင် သိန်းတစ်ထောင်ဝန်းကျင်အထိရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။