Tuesday, July 24, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်နှင့် စာကြည့်တိုက်များ အမြဲရှင်သန်စေဖို့ မေသင်္ကြန်ဟိန်(မြစ်မခ)

 





ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိမြေမှာ စာကြည့်တိုက်ဖွင့်မယ်လို့ ကြားကြားခြင်း ကျမအနေနဲ့ ၀မ်းသာမိခဲ့ပါတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်သွားခဲ့မိတယ်။
 
 သခင်ကိုယ်တော်မှိုင်းလို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့ဆောင်ကြီး၊စာပေပညာရှင်ကြီးရဲ့ ဇာတိမြေမှာ အထင်ကရ စာကြည့်တိုက် တောင် မရှိပါလားဆိုပြီး တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
 

 
ခနိုခနဲ့နဲ့စာကြည့်တိုက်လေး ရှိခဲ့ဖူးတယ်၊ခိုင်ခိုင်မာမာအဆောက်အအုံနဲ့ စာကြည့်တိုက်ကြီးအဖြစ်မရှိသေးတာပါလို့ မိတ်ဆွေတယောက်က ရှင်းပြပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အဲဒီဒေသကို သွားချင်တယ် ဒေသခံတွေနဲ့လည်း စကားပြောကြည့်ချင်တဲ့အတွက် သွားမယ်လို့လည်း စဉ်းစားဖြစ်ခဲ့တယ်။
 
 စာကြည့်တိုက်ဖွင့်ပွဲကို မြန်မာနိုင်ငံစာကြည့်တိုက်များအသင်းကနေ စီစဉ်ပေးတဲ့အတွက် ၀မ်းသာကျေနပ်ခဲ့မိတယ်။
စာကြည့်တိုက်ဖွင့်ပွဲနေ့က တနင်္ဂနွေနေ့ဖြစ်နေတာကတော့ ကျမရဲ့ ကုသိုလ်ကံပါပဲ၊
 
 
တနင်္ဂနွေနေ့မှ ကျမ၊ခင်ပွန်းနဲ့သားသမီးတွေ မိသားစု နံနက်စာ၊နေ့လည်စာ၊ညစာ အတူစားခွင့်ကြုံပြီး မိသားစုနဲ့နွေးနွေးထွေးထွေးနေခွင့်ရပါတယ်။ ကျန်တဲ့ရက်တွေမှာတော့ ကျမက မြစ်မခရဲ့ သတင်းအလုပ်တွေနဲ့ နေ့နေ့ညည လုံးပန်းခဲ့ရသလို၊ ခင်ပွန်းကလည်း သူ့အလုပ်တွေနဲ့အချိန်ကုန်ခဲ့ရတယ်။
 
 
 ကျမရဲ့ အလယ်တန်းကျောင်းသား သားကြီးနဲ့မူလတန်းကျောင်းသူသမီးတို့ကလည်း ကျောင်းစာအပြင်၊ အင်္ဂလိပ်စာသင်ကြားမှုတွေရှိတဲ့အတွက် သူတို့မှာလည်း  တနင်္ဂနွေနေ့သာ အချိန်ရှိကြပါတယ်။
 
အဲဒီတနင်္ဂနွေနေ့ကို မိသားစုတနေကုန် ဆုံတဲ့နေ့လို့ သတ်မှတ်ပြီး အခြားအလုပ်တွေ၊ လူမှုရေးကိစ္စတွေအပါအ၀င် အကုန်လုံးရှင်းပြီး မိသားစုနဲ့သာအချိန်ကုန်တဲ့နေ့အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
 
 စာကြည့်တိုက်ဖွင့်ပွဲနေ့က ဇူလိုင်လ ၂၂ ရက်နေ့ဆိုတော့ ကျမစိတ်ထဲမှာ မသွားဖြစ်တော့ဘူးလို့ စိတ်ညစ်သွားခဲ့တယ်။
 
နောက်တော့ သွားချင်စိတ် ပြင်းပြတာနဲ့ မိသားစုတွေကိုလည်း ခွင့်တောင်းပြီး နံနက် ၅နာရီ စာကြည့်တိုက်များ ဖောင်ဒေးရှင်းရှေ့အရောက်  စီစဉ်ပေးထားတဲ့ကားနဲ့ရွှေတောင်မြို့ကို သွားဖြစ်ခဲ့ပါတယ်။

ကားပေါ်မှာတော့ MRTV, MRTV-4, Sky Net, ပေါ်ပြူလာဂျာနယ်၊ ဖေးဖရိတ်ဂျာနယ်၊ သတင်းစဉ်၊ စတဲ့ဂျာနယ်တွေအပြင် Yangon Schoolက ဆရာမရှင်ဒေ၀ီဦးဆောင်တဲ့အဖွဲ့နဲ့ ကျမတို့မြစ်မခက အောင်ကိုကိုလတ်တို့ အပါအ၀င်စုစုပေါင်း ၂၃ ဦးပါဝင်ခဲ့ကြပါတယ်။
 
နံနက် ၅နာရီလောက်မှာ ရန်ကုန်မြို့ကထွက်ခဲ့ပြီး သာယာဝတီခရိုင်ဧည့်ရိပ်သာမှာ နံနက်စာကို ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ကျွေးပါတယ်။
ပဲပြုတ်နဲ့ ထမင်းကြော် ပူပူလေး၊ ကြက်သွန်ကြော်၊ ကြက်ဥကြော်နဲ့ ကြက်သွန်ချည်သုတ် တွဲဖက်ပေးထားတဲ့ နံနက်စာပါ။  တော်တော်လေး စားကောင်းတယ်လို့ ပြောရမှာပါ။
 
ကျမတို့ခုလို နံနက်စောစောမှာ စားသောက်နိုင်အောင် ထပြီးချက်ပြုတ်ပြင်ဆင်ရမဲ့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ၀န်ထမ်းတွေကိုလည်း ကျေးဇူးတင်ရပါတယ်။
 
 တကယ်တော့ ရွှေတောင်မြို့ဆိုတာ ရန်ကုန်ကနေ နေ့ချင်းပြန်သွားလို့ရတဲ့ ဒေသတခုပါ။
 
 ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ဟာ ပြည်မြို့ကနေ တောင်ဘက် မိုင်အကွာအဝေးမှာ ရှိပါတယ်။ ရန်ကုန်ကနေ တွက်ရင်တော့ ၁၇၁ မိုင်ကွာဝေးပါတယ်။ အင်္ဂလိပ်မြန်မာ စစ်ပွဲအပြီးမှာ ရွှေတောင်မြို့က ဗြိတိသျှလက်အောက်ကို ကျရောက်ခဲ့ရတယ်။ ၁၈၈၂ ခုနှစ်မှာ ရွှေတောင်မြို့ ကော်မတီကို စတင်ဖွဲ့စည်းခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ကျမ ဖတ်ခဲ့ဖူးတယ်။
 
 
ဆရာကြီး သခင်ကိုယ်တော်မှိုင်းအကြောင်းကို ကျမက ဆရာနတ်နွယ်ရေးသားခဲ့တဲ့ မိမိနှင့်စာရေးဆရာများဆိုတဲ့ စာအုပ်ထဲမှာဖတ်ခဲ့ဖူးပါတယ်။
 
 ရာနတ်နွယ်ရဲ့ စာထဲမှာတော့  ၁၈၇၆ -၁၉၆၄ ခုနှစ်လို့ဖော်ပြထားပြီး အသက် ၈၀ ကျော်အရွယ်မှာကွယ်လွန်သွားကြောင်းရေးသားခဲ့တာကို မှတ်မိနေခဲ့ပါတယ်။ပြီးတော့ ဆရာကြီးက သူ့မြေးတွေနှင့်အတူ စမ်းချောင်းမှာအသက် ၈၀ ကျော်အရွယ်ထိ နေထိုင်သွားခဲ့ကြောင်း ရေးသားခဲ့ပါတယ်။
 
ရွှေတောင်မြို့ရောက်တော့ ဆရာကြီးရဲ့ မြေက ၀ါးလည်ရွာမှာလို့ သိရပါတယ်။ ၀ါးလည်ကျေးရွာလို့သိရပြီးနောက်မှာ ၀ါလည်ကျေးရွာနဲ့ မီးလောင်ကျေးရွာ ဆက်စပ်နေတဲ့ မြေကွက်လပ်နေရာလေးမှာ စာကြည့်တိုက်အဆောက်အအုံသစ်ကို တွေ့ရပြီး၊ ဘေးမှာတော့ အခမ်းအနားပြုလုပ်ဖို့ ဆင်ပြင်ထားတဲ့ မဏ္ဍိုပ်ကိုတွေ့ရပါတယ်။
 
 ပြည်မြို့ အထက()က အောက်ခံအဖြူအကျီာင်္နဲ့ဘောင်းဘီဆင်တူမှာအပြာရောင်ဝေ့စကုတ် ဆင်တူဝတ်စုံ ၀တ်ထားတဲ့အလယ်တန်း၊အထက်တန်းအရွယ် ကျောင်းသူကျောင်းသား ၃၀ ရဲ့ဘင်ခရာအဖွဲ့နဲ့ အောက်ခံအကျီာင်္အဖြှုရောင်ပေါ်မှာ အ၀ါနုရောင်အကျာင်္နဲ့စကပ်အ၀ါရောင်ဝတ်ဆင်ထားတဲ့ အလယ်တန်းကျောင်းသူ ၁၂ဦးရဲ့ပန်းဖွားအဖွဲ့တွေက အခမ်းအနားအတွက်အဆင်သင့်အနေအထားနဲ့ စောင့်ကြိုနေကြတာတွေ့ရပါတယ်။၊
 
 
 စာကြည့်တိုက်နား ဘေး အခမ်းအနားပြုလုပ်မဲ့ မဏ္ဍိုပ်ထဲမှာ ရှေ့ကဆက်တီခုံတန်းတွေရဲ့ ခုံမြောက်လောကမှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ မိသားစုဝင်တွေ ဆွေမျိုးသားချင်းတွေ၊မိခင်နဲ့ကလေးအဖွဲ့၊ အမျိုးသမီးအဖွဲ့တွေအပြင် ပင်နီတိုက်ပုံနဲ့ ကချင်ပုဆိုးကွက်စိပ်ဝတ်ထားပြီး၊ ရင်ဘတ်မှာ NLD အမှတ်တံဆိပ်ထိုးထားတဲ့ အမျိုးသား ၁၀ဦးခန့်ကိုလည်း မဏ္ဍိုပ်ထဲက ဧည့်သည်ခုံမှာ ထိုင်နေကြတာ တွေ့ရပါတယ်။
 
 
ဒါ့အပြင် ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးအမှတ်တံဆိပ်ထိုးတားတဲ့တိုက်ပုံအဖြုနဲ့ ပုဆိုးစိမ်းဝတ်အချို့ကိုတွေ့ရသလို အစိုးရ၀န်ထမ်း ၂၀ ကျော်လောက်ကိုလည်း စုရုံးနေကြတာ တွေ့ရပါတယ်။ မဏ္ဍိုပ်ရဲ့ နောက်ဘက် ဘေးဘက်တွေမှာတော့လူမှုရေးအဖွဲ့က လူငယ် ၃၀လောက်နဲ့ ဒေသခံပြည်သူ ၅၀ လောက်စုရုံးပြီး ရောက်ရှိနေကြတာကို တွေ့ရပါတယ်။
 
ကျမတို့ကားပေါ်ကဆင်းပြီး ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်စာကြည့်တိုက်ထဲကို ၀င်ကြည့်ခဲ့တယ်၊ စာကြည့်တိုက်က တော်တော်လေး ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။
 
 စာကြည့်တိုက် လုပ်မဲ့နေရာက ဆိတ်ငြိမ်တဲ့ နေရာဖြစ်သင့်တယ်၊ ရေမ၀ပ်၊ ရေမ၀င်နိုင်တဲ့ နေရာဖြစ်ရမယ်၊ အနံ့အသက်ကင်းတဲ့နေရာဖြစ်ရမယ်၊ မိုးလုံပြီး၊ လေ၀င်လေထွက်ကောင်းတဲ့နေရာဖြစ်ရမယ်၊ အလင်းရောင်လုံလောက်ပြီး စာအုပ်တွေကို နေရောင်ခြည်တိုက်ရိုက်မကျနိုင်တဲ့နေရာဖြစ်ရမယ်လို့ မှတ်သားဖူးတော့ အဲဒီအချက်တွေကိုသွားပြီးသတိရမိတယ်။
 
 ဒီစာကြည့်တိုက်ထဲကို ၀င်ဝင်ခြင်း ကျမ သတိထားမိတာကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဓါတ်ပုံတွေပါပဲ။
 
ဆရာကြီးရဲ့ ဓါတ်ပုံကြီးတွေကလည်း  နံရံတွေမှာ ချိတ်ထားကြတယ်၊ ဆရာကြီးရုပ်တုနဲ့ ရုပ်တုရဲ့နောက်နံရံမှာ ချိတ်ထားတဲ့ ထိုင်လျက်သား ဓါတ်ပုံကတော့ ကျမတို့ငယ်ငယ်တုန်းက မူလတန်းကျောင်းအုပ်ဆရာကြီးရုံးခန်းထဲမှာ ချိတ်ထားတဲ့ပုံနဲ့ တော်တော်တူတယ်လို့ကျမ ထင်မိပါတယ်။
ဆရာကြီးရဲ့ ဓါတ်ပုံတွေကို တပုံခြင်း ကြည့်ပြီးတဲ့နောက်စင်ပေါ်က စာအုပ်တွေကို လိုက်ကြည့်ဖြစ်ပါတယ်။ အထူးသဖြင့်ဆရာကြီးရဲ့ အထ္ထုပတိစာအုပ်တွေကိုတွေ့တယ်၊ ပြီးတော့စာအုပ်မိတ္တူတွေကိုလည်း တွေ့ရပါတယ်။
 
စာအုပ်စင်တွေမှာတော့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက အများဆုံးနေရာယူကြသလို စာအုပ်အချို့ကိုလည်း တွေ့ရပါတယ်။စာအုပ်အများစုကတော့ စာအုပ်ဘီရိုတွေထဲမှာ အစီအရီ ထည့်ထားကြတာကိုလည်း တွေ့ရတယ်။

စာအုပ်တွေအများစုကတော့ တကယ့်ကို ကျေးလက်ဒေသတွေအတွက် ဖတ်သင့်တဲ့စာအုပ်တွေပါဝင်လို၊ စာပေ၀ါသနာပါသူတွေအတွက်လည်း ဖတ်သင့်တဲ့ စာအုပ်တွေကို ပါဝင်တာ တွေ့ရတယ်။
 
ကျမအနေနဲ့ခဲမွန်းကျေးရွာက  ပြည်သူ့စာကြည့်တိုက်ကို ကူညီပြီးဖွင့်ပေးခဲ့တဲ့ နောက်ပိုင်းမှာ နေရာဒေသအလိုက် ဘယ်လိုစာအုပ်တွေရှိသင့်သလဲ ဆိုတာကိုလည်း အနည်းငယ်မျှ ဗဟုသုတရပြီးလေ့လာထားခဲ့မိတယ်။ အထူးသဖြင့် စာကြည့်တိုက် တစ်ခုဖွင့်မယ်ဆိုရင် အခြေခံအချက်အလက်တွေအနေနဲ့ ဘာတွေ လိုအပ်မလဲ၊စာအုပ်တွေကို ဘယ်လိုစုစည်းမလဲ၊ ဘယ်လို ထားသိုမလဲ၊ စာကြည့်တိုက်အဖွဲ့ဝင်တွေကို ဘယ်လိုစုစောင်းပြီး စာကြည့်တိုက်အမြဲရှင်သန်နေအောင် ဘယ်လိုဆောင်ရွက်မလဲ ဆိုတာတွေကို google ထဲကနေ ရှာဖွေဖတ်ရှု့ပြီး လေ့လာဖြစ်ခဲ့တယ်။
 
စာကြည့်တိုက်ထဲကနေ ထွက်လာပြီး ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံစကားပြောခဲ့ရပါတယ်။ ဒေသခံပြည်သူအများစုကတော့ လက်လုပ်လက်စားတွေနဲ့ တောင်သူတွေ၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေ များကြပါတယ်။

ဝမ်းသာစရာကောင်းတာကတော့ ၀ါးလည်ကျေးရွာအနေနဲ့ လူငယ်လေးတွေ စုပြီး ပရဟိတအဖွဲ့လေးတဖွဲ့ ဖွဲ့ထားတာတွေ့ရလို့ပါပဲ။ အဲဒီအဖွဲ့လေးက ကျေးရွာရဲ့ နာရေးကိစ္စတွေကို အဓိက ထားပြီး လုပ်ဆောင်ပေးတယ်လို့ ဦးဆောင်သူ လူငယ်လေးတဦးက ပြောပါတယ်။

သူ့အမည်က ဇေယျာဦးလို့ သိရပါတယ်။ သူ့ရဲ့ အလုပ်အကိုင်နဲ့ပညာအရည်အချင်းကို မေးကြည့်တော့ သူက လောလောဆယ်မှာ အထက်တန်းရှေ့နေအလုပ်ကို လုပ်ကိုင်နေတယ်လို့ ပြောပါတယ်။

ခေတ်ပညာတတ်လူငယ်လေးတွေအနေနဲ့ အလုပ်လုပ်ကိုင်ရင်း ရပ်ရွာအရေးကိစ္စတွေကို ခုလို ၀င်ရောက်ကူညီလုပ်ကိုင်ပေးနေတာကို တွေ့ရတော့ ကျမစိတ်ထဲ အားတက်ကြည်နှူးမိတာပါပဲ။

ကိုဇေယျာဦးက ပြောပါတယ်။ခုလို ၀ါးလည်ရွာမှာ ဆရာကြီးအထိမ်းအမှတ်စာကြည့်တိုက် ခိုင်ခိုင်မာမာရှိသွားတဲ့အတွက်တော့ ၀မ်းသာကျေနပ်မိကြောင်း၊ သူ့အနေနဲ့ တခုပဲ စိုးရိမ်မိကြောင်း ဒီကျေးရွာမှာလည်း စာဖတ်ဝါသနာပါသူ နည်းပါးကြတော့ စာကြည့်တိုက်မှာ စာအုပ်တွေငှားဖတ်ကြဖို့ အားထည့်ပြီး တိုက်တွန်းမှသာ အောင်မြင်နိုင်ကြောင်း သူ့အမြင်ကို ပြောပြပါတယ်။

အဲဒီနောက်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မြစ်တော်စပ်သူ ဦး ကျော်စွာနဲ့ စကားပြောဖြစ်ခဲ့ပါတယ်။
 
ဆရာကြီးမှာ သားသမီး ၄ ဦးရှိခဲ့ကြောင်း သိရပါတယ်၊ ဒေါ်မြရီ၊ ဒေါ်မြသီ၊ဒေါ်မြကြည်နဲ့သား ဦးစိန်ညွှန်တို့ပါ။ ဦးကျော်စွာကတော့ ဦးစိန်ညွှန့်ရဲ့ မြေးဖြစ်ပါတယ်။ ဦးစိန်ညွှန့်ရဲ့သားဖြစ်သူ ဒုဗိုလ်မှူးကြီး(ငြိမ်း)ရဲ့ ဒုတိယ သားဖြစ်ပါတယ်။
 
 ` အရင်နှစ်တွေတုန်းကတော့ ကွယ်လွန်တဲ့အထိမ်းအမှတ်တွေကို မိသားစုတွေကပဲ စမ်းကျေုာင်း၊ကျွန်းတောလမ်းက ဓမ္မာရုံမှာ ဆွမ်းကျွေးရုံနဲ့ပဲ ပြီးခဲ့ရပါတယ်။ ဒီနှစ်တော ပြန်ကြားရေးဝန်ကြီးဋ္ဌာနကလည်း ခုလို စာကြည့်တိုက်ဖွင့်ပြီး အထိမ်းအမှတ်ပြုလုပ်ပေးခဲ့တယ်၊ ဂူဗိမာန်ထိန်းသိမ်းရေးအဖွဲ့ကလည်း တော်ဝင်နှင်းဆီမှာ အထိမ်းအမှတ်ပွဲလုပ်ပေးတယ်ပေါ့။ဒီလို အစိုးရဘက်ကရော ပြည်သူတွေရောပါဝင်ပြီး လုပ်ခွင့်ရတာတော့ ကျနော်သိရသလောက် ဒီနှစ်မှ စတာပါပဲ`လို့ ပြောပါတယ်။

သူ့အနေနဲ့ ခုလို အထိမ်းအမှတ်ပွဲတွေ အခမ်းအနားတွေကို အသိမှတ်ပြုပြီး လုပ်ကိုင်ဆောင်ရွက်ပေးတဲ့အပေါ်မှာ ၀မ်းသာကျေနပ်သလို ဂုဏ်ယူမိတယ်လို့လည်း ပြောခဲ့ပါတယ်။
 
 အဲဒီနောက်မှာတော့ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းရောက်ရှိလာခဲ့ပြီး စာကြည့်တိုက်ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား စတင်ပါတယ်။

ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးက အစိုးရအဖွဲ့ဝင်များအပြင် စာကြည့်တိုက်များကို လှူဒါန်းကူညီပေးခဲ့တဲ့ရုပ်ရှင်ဂီတက အနုပညာရှင်များနဲ့ဖွဲ့စည်းထားတဲ့ မေတ္တာသင်္ခါရအဖွဲ့မှ ဦးဆောင်သူတဦးဖြစ်တဲ့ ခန့်စည်သူ၊ ခိုင်သင်းကြည်၊ အာဇာနည်၊ ဖိုးကာ၊ ရတနာ စတဲ့ အနုပညာရှင်အဖွဲ့များလည်း စာကြည့်တိုက်ဖွင့်ပွဲကို ရောက်ရှိလာခဲ့ကြပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းအနေနဲ့ မိန့်ခွန်းပြောကြားရာမှာတော့ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်းအနေနဲ့ လက်ရှိမြန်မာနိုင်ငံမှာစာကြည့်တိုက်ပေါင်း ၅သောင်းကျော်ကို တည်ထောင်ပြီး ပြီဖြစ်ကြောင်း၊ အဆိုပါ အမျိုးသားရေးလုပ်ငန်းရပ်များဖြစ်တဲ့ စာကြည့်တိုက်တွေကို အင်အားသုံးအားနဲ့ ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါတယ်။
   
ဝန်ကြီး ပြောကြားတဲ့ အင်အားသုံးအားကတော့ နိုင်ငံတော်ရဲ့အား၊ စေတနာရှင်ပြည်သူများရဲ့ အားနဲ့ ဒေသခံပြည်သူများရဲ့ အားလို့ ၀န်ကြီးက ပြောကြားပါတယ်။

ဝန်ကြီးရဲ့ မိန့်ခွန်းကို လေးလေးနက်နက်နားထောင်ရင်း စိတ်ကူးထဲမှာလည်း အတွေးတွေနဲ့ မှတ်သားမိတာတွေပြန်လည်ပြီး စဉ်းစားဖြစ်ခဲ့ပါတယ်။

လက်ရှိ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်စာကြည့်တိုက်ကတော့ ခိုင်မာပြီး ရေရှည်တည်တံ့မဲ့ အဆောက်အအုံ၊ စာအုပ်တွေရှိနေတဲ့အတွက် စာကြည့်တိုက်အနေနဲ့ ပြည့်စုံပြီလို့တော့ ယေဘူယျသတ်မှတ်လို့ရပါတယ်။

ကျမမှတ်သားမိထားတာကိုပြောရရင်တော့ စာကြည့်တိုက်တစ်ခု ရေရှည်မှာ ရှင်သန်ဖို့နဲ့ အမြဲတမ်းရှင်သန်ဖို့အတွက်ကတော့ `B`  ငါးလုံးနဲ့ပြည့်စုံရမယ်ဆိုတာပါပဲ။
 ပထမ Bကတော့ Book လို့ ပြောတဲ့ စာအုပ်ပါ၊ စာအုပ်မရှိရင် စာကြည့်တိုက်ဆိုတာ မဖြစ်နိုင်ပါဘူး။
 
မြန်မာနိုင်ငံမှာ စာကြည့်တိုက်ဖွင့်ချင်တဲ့ သူတွေ၊ အဖွဲ့အစည်းတွေကို မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းက ကူညီပံ့ပိုးတဲ့အနေနဲ့ စာအုပ်တွေ လှူဒါန်းပေးပါတယ်။
 
 
 
ကျမတို့ရဲ့ ခဲမွန်းကျေးရွာက ပြည်သူ့စာကြည့်တိုက်ကိုလည်း မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်းဒေးရှင်းက စာအုပ်ပေါင်း ၄၀၀ လှူဒါန်းပေးခဲ့တယ်။ပြီးတော့ စေတနာရှင်တွေကလည်း စာအုပ်တွေ ၀ိုင်းပြီး လှူဒါန်းပေးကြတယ်။ အဲဒါကြောင့် စာကြည့်တိုက်အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာအုပ်တွေကို စုစည်းနိုင်ခဲ့ခြင်းဖြစ်ပါတယ်။
 
 
 
ဒုတိယ B ကတော့ Building လို့ပြောတဲ့ အဆောက်အအုံပါ။ ရေဘေးကင်းတဲ့ အနံ့အသက်အညစ်အကြေးကင်းတဲ့၊ ဆိတ်ငြိမ်အေးချမ်းတဲ့ နေရာဒေသတခုမှာ လုံခြုံတဲ့ ခိုင်ခန့်တဲ့ အဆောက်အအုံဟာ စာကြည့်တိုက်ဖွင့်ဖို့သင့်လျော်တယ်လို့သိရပါတယ်။
 
တတိယ Bကတော့ Brain ပါ။ စာကြည့်တိုက်မှာ ဦးနှောက်ကိစ္စက ဘယ်လောက်အရေးပါသလဲလို့ မေးခွန်းထွက်လာနိုင်ပါတယ်။
 
 
 
အမြဲတန်းရှင်သန်တဲ့စာကြည့်တိုက်ဖြစ်ဖို့အတွက်ကတော့ ဦးဆောင်မဲ့သူတွေအနေနဲ့ ဦးနှောက်ကိုအသုံးချ စဉ်းစားတွေးခေါ်တတ်တဲ့ သူတွေ ဖြစ်ဖို့ လိုအပ်ပါတယ်။
 
 
 
စာကြည့်တိုက်မှာ စာဖတ်သူတွေအတွက် အမှန်တကယ်လိုအပ်တဲ့  စာအုပ်မျိုးတွေ ထားရှိနိုင်ဖို့၊ စာကြည့်တိုက်မှာ စာအုပ်ငှားဖတ်သူ ပုံမှန်ရှိနိုင်ဖို့ ၊ စာအုပ်တွေကို ထိန်းသိမ်းနိုင်ဖို့နဲ့ စာအုပ်အသစ်တွေကို အမြဲတမ်းတင်ထားနိုင်ဖို့အတွက်ကတော့ ဦးဆောင်သူရဲ့ အခန်းကဏ္ဍက အရေးပါလှပါတယ်။
 
 
 
သူသာလျှင် ဦးနှောက်မရှိခဲ့ရင် စာကြည့်တိုက်ဟာ သက်တမ်းတိုလေးအတွင်း သေဆုံးသွားနိုင်လို့ပါပဲ။
 
စတုထ္တ B ကတော့  Budget ပါပဲ။ စာကြည့်တိုက်အတွက် အသုံးစရိတ်က မရှိမဖြစ် အရေးကြီးပြန်ပါတယ်။ စာကြည့်တိုက်သာ ဖွင့်ပြီး စာကြည့်တိုက်အတွက် ပုံမှန်လည်ပတ်ဖို့ ငွေကြေးမရှိပြန်ရင်လည်း စာကြည့်တိုက်ရဲ့သက်တမ်းဟာ တိုပြီး ရေရှည်ရှင်သန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ကိုယ့်ဆီမှာရှိပြီးသားစာအုပ်တွေအပြင် စာအုပ်အသစ်တွေ ထပ်ပြီးတင်ထားနိုင်ဖို့ ၀ယ်ယူထားရှိနိုင်ဖို့ budget က အရေးပါလာပါတယ်။
 
 
ဒါ့အပြင် စာကြည့်တိုက် နေ့စဉ်ပုံမှန်ဖွင့်ပြီး စာအုပ်ငှားခြင်း၊ စာအုပ်ထိန်းသိမ်းခြင်းဆိုင်ရာ စာအုပ်တွေလုပ်ဆောင်ဖို့အတွက် စာကြည့်တိုက်မှူးတယောက် ပုံမှန်လိုအပ်ပါတယ်။
ဒီကနေ့ ခေတ်မှာ အခမဲ့ကူညီပေးရတဲ့  စာကြည့်တိုက်မှူးမျိုးဟာ ရေရှည်မတည်တန့်နိုင်ပါဘူး၊ လစာငွေတခု သတ်မှတ်ပြီး စာကြည့်တိုက်မှူး လုပ်ပိုင်ခွင့်နဲ့ တွဲဖက်ပြီး တာဝန်ပေးသင့်တယ်လို့မြင်မိပါတယ်။
 
 နောက်ဆုံး Bကတော့ Borrower ပါ၊ စာကြည့်တိုက်ရှင်သန်ဖို့အတွက် အရေးကြီးဆုံးပဲလို့ ကျမကတော့မြင်မိပါတယ်။
 
စာကြည့်တိုက်တစ်တိုက်ဟာ စာအုပ်ငှားဖတ်တဲ့သူ မရှိရင် စာအုပ်ဂိုထောင်ပဲ ဖြစ်သွားပါမယ်။ စာကြည့်တိုက်ဆိုတဲ့ အဆင့်ကို ရောက်မလာနိုင်ပါဘူး။ အဲဒါကြောင့် ဒေသတခုမှာ စာကြည့်တိုက်တခု ဖွင့်ပေးရုံနဲ့ တာဝန်ကျေပြီလို့တော့ ပြောလို့မရနိုင်ပါဘူး။

အဲဒီဒေသက လူတွေ ဒီစာကြည့်တိုက်ရဲ့ တန်ဖိုးကို သိပြီး စာဖတ်ကြဖို့ ပညာပေးစည်းရုံးတာမျိုးလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ကျမတို့တိုင်းပြည်မှာတော့ စာဖတ်ဖို့အကြောင်းကို အဖွဲ့အစည်းတွေအနေနဲ့ ထိထိရောက်ရောက် စည်းရုံးပညာပေးနေတာမျိုး မတွေ့ရသလို၊အားနည်းလှတာလည်း တွေ့မြင်ရပါတယ်။
 
 စာဖတ်တဲ့ အလေ့အကျင့်ကို စွဲမြဲဖို့အဆိုထားတဲ့ စာအုပ်တွေတာနဲ့ ဖတ်ဖို့ ကြောက်နေတဲ့သူတွေကိုလည်း ကျမတို့ရဲ့ ပတ်ဝန်းကျင်မှာ နေ့စဉ်တွေ့နေရတာပါပဲ။

အထူးသဖြင့်စာအုပ်ထူလေ စာအုပ်ကို ပိုပြီး ကြောက်ကြလေပါ။ စာအုပ်ထဲက စာမျက်နှာ တမျက်နှာကို အဆိုထားပါနဲ့ စာအုပ်မျက်နှာဖုံးပေါ်က စာကြောင်းတွေတောင် ကုန်စင်အောင် မဖတ်တဲ့ သူတွေ မြန်မာပြည်မှာအများကြီး ရှိပါတယ်။
 
ဒီလိုလူတွေအားလုံးကို စာဖတ်ကြဖို့ ကျမတို့ ဘယ်လိုနည်းနဲ့ စည်းရုံးနိုင်ပါမလဲ။

ဒီလိုလူတွေကိုသာ မစည်းရုံးနိုင်ခဲ့ရင် ၀န်ကြီးပြောခဲ့တဲ့ စာကြည့်တိုက် ၅ သောင်းဆိုတာလည်း သေနေတဲ့ စာကြည့်တိုက်၊ ရှင်သန်မှု သက်တမ်းတိုတဲ့ စာကြည့်တိုက်တွေများဖြစ်ကုန်မလားလို့လည်း စိုးရိမ်စိတ် ၀င်ရပါတယ်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာနအနေနဲ့ ဘယ်လောက်တိုက်တွန်းပါစေ၊ စာကြည့်တိုက်တွေကိုလိုက်လံကူညီလှူဒါန်းနေတဲ့ သရုပ်ဆောင်မင်းသား ခန့်စည်သူတို့အဖွဲ့ ဘယ်လောက် စည်းရုံးပါစေ နောက်ဆုံးစေတနာရှင်ပြည်သူတွေက ဘယ်လောက် လှူဒါန်းကြပါစေပြည်သူတွေ ကိုယ်တိုင်ကိုယ်က စာမဖတ်ကြရင် စာကြည့်တိုက်တွေဟာ စာအုပ်ဂိုထောင်တွေ အဆင့်ကနေ တက်လာမှာ မဟုတ်ဘူးလို့ မြင်မိပါတယ်။

တိုင်းပြည်တစ်ခုရဲ့ ယဉ်ကျေးမှုနဲ့ တိုးတက်ဖွံ့ဖြိုးမှု ကိုလေ့လာမယ်ဆိုရင် အဲဒီတိုင်းပြည်က စာကြည့်တိုက်တွေကို ၀င်ရောက်လေ့လာကြည့်လိုက်ပါဆိုတဲ့ စကားဟာ အလကားတော့ဖြစ်ဟန်မတူပါဘူး။

ကျမတို့ တိုင်းပြည်ရဲ့ယဉ်ကျေးမှု ခိုင်ခန့်ဖို့နဲ့ တိုးတက်ဖွံ့ဖြိုးမှု အရှိန်အဟုန်ကောင်းဖို့အတွက်ကတော့ ကျမတို့တွေ စာများများဖတ်ဖို့ လိုအပ်လာပါပြီ။

ကျမတို့မီဒီယာသမားတွေအပါအ၀င် စာပေတန်ဖိုးကို သိနားလည်သူတိုင်းက ကိုယ့်မိသားစုဝင်တွေက နောက်ဆုံး လုပ်ငန်းခွင်က မိတ်ဆွေတွေအဆုံး စာဖတ်ကြဖို့ များများတိုက်တွန်းပေးပါလို့ပဲ အကြံပြုချင်ပါတယ်။

မိတ်ဆွေများအားလုံးကို ချစ်ခင်လေးစားလျက်ပါ။

မေသင်္ကြန်ဟိန်(မြစ်မခ)
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။