Tuesday, July 24, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈နှစ်မြောက် အထိမ်းအမှတ် နှစ်လည် အခမ်းအနားကျင်းပ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈နှစ်မြောက်နှစ်လည် အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါ တီအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ ဆရာကြီး၏ တပည့်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။



hming2
ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အလေးပြုနေစဉ်

အခမ်းအနားသို့ ဆရာကြီး ဒဂုန်တာရာနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှ သ၀ဏ်လွှာများပေးပို့ခဲ့ရာ ဆရာမဒေါ်ခင်ဆွေဦးနှင့် ဆရာ ဖျာပုံနီလုံဦးမှ ဖတ်ကြားပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာတွင် ဆရာကြီးကွယ်လွန်ခဲ့သည် မှာ ၄၈နှစ်ရှိသွားပြီ ဖြစ်သော်လည်း နိုင်ငံချစ်သူများ၊ ငြိမ်းချမ်းရေး ချစ်မြတ်နိုးသူများ၏ နှလုံးသားများ အတွင်း၌ ဆရာကြီး၏စိတ်ဓာတ်များ ရှင်သန်လျက် ရှိဆဲပင်ဖြစ်ကြောင်း၊ ဆရာကြီး၏ ကျေးဇူး၊ ဆရာကြီး၏ ဆုံးမသြ၀ါဒများကို သတိရလျက်ရှိ ဆဲစစ်ကြောင်းဖြင့် ရေးသားပေးပို့ခဲ့သည်။
ထို့နောက် ဆရာကြီးအတွက် အမှတ်တရစကားအဖြစ် သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်၊ ၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင် ဦးလှရွှေ၊ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုမင်းကိုနိုင်၊ ဗကသများ အဖွဲ့ချုပ်ဥက္ကဌ ကိုကျော်ကိုကိုနှင့် ဆရာကြီး၏ မြေးတစ်ဦးဖြစ်သူ ဦးတင်အောင်တို့မှ ပြောကြားခဲ့ကြသည်။

hming1
အခမ်းအနားသို့ တက်ရောက်လာသူများ

ဦးဝင်းတင်မှ ပြောကြားခဲ့ရာ တွင် ‘သေသောသူ ကြာရင်မေ့’ ဆို သော ဆိုရိုးစကားရှိသော်လည်း ဆရာကြီး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးသည် ရှင်သန်နေဆဲ၊ အမှတ်ရနေဆဲဖြစ်ကြောင်း၊ ဆရာကြီးကို အသက်ရှင်လျက်ရှိနေဆဲပဲ ဟုထင်နေမိကြောင်း၊ ဆရာကြီးသာ ဆက်ရှိနေမည်ဆိုပါက ဆရာကြီး၏ သမိုင်းဝင်စာသား တစ်ခုဖြစ်သော ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေစော၊ ဒေါင်းအိုးဝေရယ် လို့ တွန်စေကစေသော ဆိုသော စာသားတွင် ရဲစေ နှင့် ၀ဲစေဆိုသော စာသားများကို ထပ်မံထည့်သွင်းကာ ကောင်းမျိုး အထွေထွေရယ်နှင့် ချွန်စေမြစေရဲစေသော ဒေါင်းအိုဝေရယ်လို့ တွန်စေကစေ၀ဲစေသော ဟု ပြင်ဆင် ထည့်သွင်းပေးပါရန် တိုက်တွန်းလိုကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့သည်။
ယခင်အချိန်က ဆရာကြီး၏ ဓာတ်ပုံကို အိမ်မှာ တွေ့တာနဲ့ အဖမ်းခံခဲ့ရသူကို ကြုံဖူးခဲ့ကြောင်း၊ ဆရာစံလယ်သမား အရေးတော်ပုံကြီးကို သေးသိမ်ယုတ်ညံ့သွားအောင် အင်္ဂလိပ်နယ်ချဲ့အစိုးရက ရွှေဒင်္ဂါးများ ပုံပေးပြီး စာဖွဲ့ခိုင်းမှုကို လက်ခံခဲ့သူများတွင် ဆရာကြီးနှင့် လယ်တီပဏ္ဍိတ ဦးမောင်ကြီး မပါဝင်ခဲ့ကြောင်း၊ ယခုခေတ်လူငယ်များသည်ဆရာကြီး အကြောင်းကို မသိကြကြောင်း၊ မြန်မာလူမျိုးများကို ကိုယ့်အဖိုးအကြောင်း ကို ကိုယ်ပြန်ပြနိုင်သည့် လူမျိုးအဖြစ် ဂုဏ်ယူစေချင်ပါကြောင်း၊ ဆရာကြီး အား ဂုဏ်ပြုရန်နှင့် ကျောင်းသုံး စာအုပ်များတွင် သင်ရိုးညွှန်းတမ်း အဖြစ် ပြဋ္ဌာန်းသွားနိုင်ရန် ၀ိုင်းဝန်း ကြိုးပမ်းကြစေလိုကြောင်း စသည်ဖြင့်လည်း ကိုမင်းကိုနိုင်က ထည့်သွင်း ပြောကြားခဲ့သည်။
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကို မြန်မာသက္ကရာဇ် ၁၂၃၇ ခု တပေါင်းလပြည့်ကျော် ၄ ရက်နေ့ တွင် ပြည်ခရိုင် ရွှေတောင်မြို့နယ် ၀ါးလယ်ရွာတွင် အဖ ဦးစံထွန်း၊ အမိ ဒေါ်အုန်းတို့မှ မွေးဖွားခဲ့ပြီး ငယ်အမည်မှာ မောင်လွန်းဖြစ်သည်။ ကိုလိုနီခေတ် လွတ်လပ်ရေးကြိုးပမ်း မှုနှင့် လွတ်လပ်ရေးရပြီး ပြည်တွင်း ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည်။ ၁၉၅၂ ခုနှစ်မှ စ၍ ကမ္ဘာ့ငြိမ်းချမ်း ရေးကွန်ဂရက် (ဗမာနိုင်ငံ)၏ ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်ခဲ့ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ဆောင် ရွက်မှုများကြောင့် ၁၉၅၅ ခုနှစ်တွင် ဆိုဗီယက်ယူနီယံမှ ချီးမြှင့်သော စတာလင် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သည်။ ဆရာကြီးသည် မြန်မာစာပေ ပညာရှင်၊ ကဗျာဆရာ၊ ရာဇ၀င်(သမိုင်း)ဆရာ၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေး တိုက်ပွဲဝင် မျိုးချစ်စာရေးဆရာ၊ ငြိမ်းချမ်းရေး အကျိုးပြုသမားအဖြစ် ထင်ရှား ကျော်ကြားခဲ့ပြီး ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ရက်နေ့ (အသက် ၈၉ နှစ်)တွင် ကွယ်လွန်ခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။