Tuesday, July 24, 2012

ရန်ကုန်မြို့ရှိ (၆)လမ်းသွားလမ်းမကြီး (၅)လမ်းအား ထပ်ပိုးကတ္တရာခင်းမည်

ရန်ကုန်မြို့တွင်းရှိ (၆)လမ်းသွား လမ်းမကြီး (၅)လမ်းအား ယခုနှစ် စက်တင်ဘာလအတွင်း ထပ်ပိုးကတ္တရာခင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  သိရှိရသည်။
 ထပ်ပိုးကတ္တရာခင်းကျင်းရာတွင် လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ ကျောက်တံတား မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်နှင့် ပုစွန်တောင်မြို့နယ်တို့ရှိ  ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်း၊ ကုန်သည် လမ်းနှင့် ကမ်းနားလမ်းများတွင် ထပ်ပိုးကတ္တရာခင်းမည် ဖြစ်သည်။

“၂နှစ် တစ်ကြိမ်ခင်းပေးနေတယ်ဆိုပေမယ့် အခုက မော်တော်ယာဉ်ပေါ်မှာ မူတည်ပြီး လမ်းပျက်စီးတာတွေ ဖြစ်လာတော့ ပွင့်လင်းရာသီရောက်တာနဲ့ လမ်းတွေပြန်ခင်းပေးရပါတယ်။ လမ်း(၅)လမ်း ခင်းမယ့် ကိစ္စ မှာလည်း အဆိုးဆုံးဖြစ်နေတဲ့လမ်းကို အရင်ခင်းသွားမှာပါ ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းတံတား)က တာဝန်ရှိ သူတစ်ဦးက ပြောသည်။

အဆိုပါ လမ်းမကြီး (၅)ခုတွင် ကမ်းနားလမ်းမှာ အသွားအပြန်မောင်းနှင်းနိုင်သောလမ်းဖြစ်ပြီး ကုန်တင်ယာဉ်ကြီးများ အများဆုံးအသုံးပြုသော လမ်းဖြစ်ကြောင်း၊ ဗိုလ်ချုပ်လမ်း(အမြင့်ပိုင်း)မှရေများသည် ကမ်းနား လမ်း(အနိမ့်ပိုင်း)သို့   စီးဆင်းကာ ရေ၀ပ်ခြင်းတို့ကြောင့် အဆိုးဆုံးလမ်း ဖြစ်ကြောင်း သိရသည်။

“ကမ်းနားလမ်းဆို လမ်းခင်းထားတာ ၂နှစ်တောင် မပြည့်သေးဘူး။ အခုလမ်းက ဆိုးနေပြီ။ ကားသစ် တွေလည်း ၀င်လာတဲ့အတွက် ကားသွားကားလာ အရမ်းများလာပြီး ကတ္တရာတေပါးလာပြီးလမ်းတွေလည်း ပျက်စီးကုန်တာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုပြင် ၄င်းလမ်းမကြီးများအား ၁၈၅၇ ခုနှစ်မှ စတင်ဖောက်လုပ်ခဲ့ပြီး ယခုအခါအဆိုပါ လမ်းမကြီးများ သည် မြို့တွင်းမှ မြို့ပြင်သို့သွားလာရာတွင် ရှောင်လွှဲသွား၍မရသော လမ်းမကြီးများဖြစ်ကာ သွားလာ မူသုံးစွဲမူအတွက် အားအထားရဆုံး အများဆုံးလမ်းများဖြစ်ကြောင်း သိရသည်။

“အချို့လမ်းတွေဆို ကားကွက်တွေလိုပဲဖြစ်နေတယ်။ ကားလမ်းတွေပျက်တော့ လမ်းပိတ်ဆို့မူတွေ၊ မကြာသင့် တဲ့ခရီးကို ကြာနေတာတွေဖြစ်နေတယ်။ လမ်းတွေကပြုပြင်နေတာ ကောင်းပါတယ်။ သွားလာမှု အတွက် တော်တော်လေးအဆင်ပြေ လာနိုင်တယ်”ဟု ဘုရင့်နောင်မှ ကုန်ကားမောင်းနှင်းသူကိုဇာနည်က ပြောသည်။

လမ်းမကြီးများ ပြုပြင်ထိန်းသိမ်းရာ၌အင်းစိန်လမ်းမကြီးအား ပြည်လမ်းမကြီးကဲ့သို့အဆင့်မြင့်အဖြစ် ပြောင်းလဲဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆိုပါလမ်းမကြီးအား လမ်းအလယ်ကျွန်းများတွင် ပန်းအလှဆင်ရန် စီစဉ်ဆောင်ရွက်မူများပြုလုပ်လျက်ရှိကြောင်း သိရသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။