Sunday, July 29, 2012

ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ မြန်မာကို ခြိမ်းခြောက်

မဇ္ဈိမသတင်းဌာန ။         ။ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မူဆလင်များအပေါ် ဆက်ဆံပုံနှင့် ပတ်သတ်၍ ပါကစ္စတန် နိုင်ငံရှိ တာလီဘန် အကြမ်းဖက် အဖွဲ့တဖွဲ့က မြန်မာနိုင်ငံအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ထားသည်။

Tehreek-e-Taliban (TTP) အဖွဲ့၏ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစောင်ထဲတွင် ပါကစ္စတန် အနေဖြင့် မြန်မာအစိုးရနှင့် ဆက်ဆံရေး အားလုံး ရပ်ဆိုင်း ဖြတ်တောက်ခြင်းနှင့် အစ္စလာမ်မာဘတ် ရှိ မြန်မာ သံရုံးကို ပိတ်ခြင်းတို့ မပြုလုပ်ပါက ရိုဟင်ဂျာများအပေါ် ပြုလုပ်ခဲ့သည့် ရာဇဝတ်မှုများကို တုန့်ပြန်သည့် အနေဖြင့် လက်စားချေ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ဆိုထားသည်။

TTP အဖွဲ့က မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ မူဆလင်များအား “သင်တို့ကျခဲ့ရတဲ့ သွေးတွေ အတွက် ကျွန်ုပ်တို့ လက်စားချေ မည်” ဟု ဆိုခဲ့သည်။

ထိုအဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ Ehsanullah Ehsan က ပါကစ္စတန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးများ ရပ်ဆိုင်းရန်နှင့် မြန်မာသံရုံးအား ပိတ်လိုက်ရန် တောင်းဆိုခဲ့သည်။

“ဒီလိုမှ မဟုတ်ရင်တော့ ကျနော်တို့ အနေနဲ့ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွါးတွေကို နေရာတိုင်းမှာ တိုက်ခိုက်ရုံတင် မကဘဲ မြန်မာနိုင်ငံကိုလိုလားတဲ့ ပါကစ္စတန်တွေကိုပါ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်” ဟု သူက ကြေညာချက်ထဲတွင် ဆိုခဲ့သည်။

အမေရိကန် အရာရှိများက အစောပိုင်းက ပြောဆိုခဲ့ရာတွင် ၂၀၁၀ ခုနှစ်က နယူးယောက် မြို့ရှိ Times Square အား ဗုံးခွဲရန် မအောင်မြင်ခဲ့သည့် ကြိုးစားမှု၏ နောက်ကွယ်တွင် ထိုအဖွဲ့၏ လက်ချက် ပါဝင်နေကြောင်း အထောက်အထား ရှိပြီး ထို့အတွက် ပါကစ္စတန်-အမေရိကန် Faisal Shahzad အား ထောင်ဒဏ် တသက် ချမှတ်ထားသည်ဟု ဆိုသည်။

TTP အဖွဲ့ခေါင်းဆောင် Hakimullah Mehsud မှာ ဂျော်ဒန် အယ်လ်ခိုင်းဒါး နှစ်ဘက်ချွန် သူလျှို တဦးက အာဖဂန် နစ္စတန် ရှိ အမေရိကန် စခန်းတခု၌ အသေခံ ဗုံးဖောက်ခွဲမှု အတွင်း စီအိုင်အေ သူလျှို ၇ ဦး သေဆုံးခဲ့ရသည့် အမှုနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံတွင် တရားစွဲဆိုခြင်း ခံထားရသည်။

မကြာသေးမီက ဖြစ်ပွါးခဲ့သည့် ဗုဒ္ဓဘာသာ ရခိုင်များနှင့် မူဆလင် ရိုဟင်ဂျာများ၏ ပဋိပက္ခများကြောင့် လူ ၇၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး သောင်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု မြန်အစိုးရ အာဏာပိုင်များက တရားဝင်ပြောဆိုသည်။ 

ထိုအတောအတွင်း အင်ဒိုနီးရှား နိုင်ငံရေးသမား တဦးကလည်း ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုနှင့် ပတ်သက်၍
ဝေဖန်လိုက်ကြောင်း သတင်းများက ဆိုသည်။

မြန်မာ့အရေးဆောင်ရွက်နေသည့် အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (AIPMC) ဥက္ကဋ္ဌ၊ အင်ဒိုနီးရှားနိုင်ငံ PDI-P ပါတီကို ကိုယ်စားပြုသူ Eva Kusuma Sundari က အာဆီယံနှင့်တကွ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် ရိုဟင်ဂျာ များ၏ အတိဒုက္ခနှင့် ပတ်သက်၍ မြန်မာအစိုးရက ဖြေရှင်းလာရန် နိုင်ငံရေးဖိအားများ ပေးရန် လိုအပ်သည်ဟု
ပြောခဲ့သည်။

လွန်ခဲ့သည့် အပတ်က အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) က ပြောဆိုရာတွင် ရိုဟင်ဂျာ အများအပြား
နေထိုင်သည့် ဒေသများတွင် နယ်မြေရှင်းလင်းရေး အတွင်း အမျိုးသားကြီးများနှင့် ငယ်ရွယ်သူကောင်လေး အများစု ပါဝင်သည့် ရာပေါင်းများစွာသော လူများအား ဖမ်းဆီး အကျဉ်းချထားသည်ဟု ဆိုခဲ့ပြီး ထိုလူအားလုံးအား ထီးတည်းတည်ရှိနေသည့် နေရာများတွင် အကျဉ်းချထားကာ မမျှမတ ဆက်ဆံခဲ့သည်ဟု ဆိုထားသည်။

AI က ပြောဆိုရာတွင် ရခိုင် ဗုဒ္ဓဘာသာများနှင့် လုံခြုံရေး တပ်ဖွဲ့များက ပြုလုပ်ခဲ့သည့် မုဒိမ်းမှု၊ ပစ္စည်းဥစ္စာ ဖျက်ဆီးမှု
နှင့် ဥပဒေမဲ့ သတ်ဖြတ်မှုများ အပါအဝင် နိုင့်ထက် စီးနင်းမှုများနှင့် ပတ်သက်၍ ယုံကြည်စိတ်ချရလောက်သော အစီရင်ခံစာများ ရရှိထားသည်ဟု ဆိုခဲ့သည်။

ဥရောပ ကော်မရှင်ကလည်း သောကြာနေ့တွင် အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ပြီး ထိုပဋိပက္ခများကြောင့် ထိခိုက် ဆုံးရှုံးရသူများအား အကူအညီများ ပိုမိုပေးအပ်နိုင်ရေး အတွက် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသသို့ နိုင်ငံတကာအား ဝင်ရောက်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။

ဆယ်စုနှစ်များစွာ ခွဲခြားဆက်ဆံခဲ့မှုများက ရိုဟင်ဂျာများအား နိုင်ငံမဲ့ ဖြစ်စေခဲ့ပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ အရေအတွက်မှာ ၈ သိန်း ခန့် ရှိမည်ဟု မှန်းဆထားကြသည်။ ကမ္ဘာပေါ်တွင် ဖိနှိပ်မှု အခံရဆုံး လူနည်းစုများတွင် ရိုဟင်ဂျာများလည်း ပါဝင်သည်ဟု ကုလသမဂ္ဂ ကလည်း ဆိုထားသည်။

ဝီကီပီးဒီးယား အွန်လိုင်း စွယ်စုံကျမ်း၏ အဆိုအရ တခါတရံ ပါကစ္စတန် တာလီဘန်ဟု ရည်ညွှန်းခြင်း ခံရသော Tehreek-e-Taliban (TTP) အဖွဲ့မှာ ပါကစ္စတန် အနောက် မြောက်ပိုင်း အာဖဂန်နစ္စတန် နယ်စပ်တလျှောက်တွင် အခြေစိုက်သည့် အစ္စလာမ်မစ် စစ်အုပ်စု မျိုးစုံ ပါဝင်သည့် အဖွဲ့အစည်းတခု ဖြစ်သည်။

TTP အဖွဲ့သည် Mullah Omar ဦးဆောင်သည့် အာဖဂန်တာလီဘန် လှုပ်ရှားမှုနှင့် တိုက်ရိုက် ပေါင်းစည်းဆက်နွယ်မှု မရှိသည့်အပြင် အုပ်စုနှစ်ခု၏ သမိုင်းကြောင်း၊ မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် စိတ်ဝင်စားမှုများမှာလည်း များစွာ ကွာခြားကြသည်။

အာဖဂန် တာလီဘန်များအား ပါကစ္စတန်က ထောက်ပံ့ကူညီနေသည်ဟု စွပ်စွဲခြင်း ခံထားရပြီး အာဖဂန် တာလီဘန် များသည် နိုင်ငံတကာ မဟာမိတ် ညွန့်ပေါင်းအဖွဲ့နှင့် အာဖဂန် နစ္စတန်ရှိ အာဖဂန် လုံခြုံရေး တပ်ဖွဲ့များအား ဆန့်ကျင် လှုပ်ရှားနေကြခြင်း ဖြစ်ပြီး ပါကစ္စတန်နိုင်ငံကို ပစ်မှတ်ထားခြင်းအား အထူးရှောင်ကြဉ်ထားသည်။ TTP အဖွဲ့မှာမူ ၂ဝဝ၉ ခုနှစ် Camp Chapman တိုက်ခိုက်မှုနှင့် ၂ဝ၁ဝ ခုနှစ်က နယူးယောက် မြို့ရှိ Times Square အား ဗုံးခွဲရန် မအောင်မြင်ခဲ့သည့် ကြိုးစားမှုများနှင့် ပတ်သက်၍ နာမည်ထွက်ခဲ့သော်လည်း ပါကစ္စတန် အစိုးရကို အဓိက ပစ်မှတ်ထားလေ့ရှိသည်။

အဆိုပါ ကြာသပတေးနေ့ ခြိမ်းခြောက်မှုနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် အစ္စလာမ်မာဘတ်မြို့ရှိ မြန်မာသံရုံးအား မဇ္ဈိမက ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။