Sunday, July 29, 2012

 အဆင့်မြင့်ပညာကဏ္ဍ တက္ကသိုလ်အဆင့်တွင် စာသင်နှစ်များ မူလကထက် တစ်နှစ်စီထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့တွင်လည်း လက်ခံနိုင်မည့်ကျောင်းသား ဦးရေ လျှော့ချထားကာ ၀င်ခွင့် လျှောက်ထားနိုင်ခွင့်ရှိသည့် အခြေခံကြမ်းခင်း ရမှတ်များကိုလည်း တိုးမြှင့်သတ်မှတ်


အဆင့်မြင့် ကဏ္ဍ တက္ကသိုလ် အဆင့်တွင် ယခုပညာသင်နှစ်မှ စတင်ကာ စာသင်နှစ်များ မူလကထက် တစ်နှစ်စီ ထပ်တိုးထားပြီး အသက်မွေးဝမ်းကျောင်း တက္ကသိုလ်အချို့၌ လက်ခံနိုင်မည့် ကျောင်းသား အရေအတွက် ကိုလည်း ယခင်နှစ်ကထက် လျှော့ချထားကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရပါသည်။
































အလားတူ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်များဖြစ်သည့် နည်းပညာတက္ကသိုလ်များ၊ အစိုးရ နည်းပညာ ကောလိပ်များနှင့် အစိုးရ စက်မှုလက်မှုသိပ္ပံများ၊ နည်းပညာ တက္ကသိုလ်များ၊ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်များ စသည့် တက္ကသိုလ်များတွင် ယခင်နှစ်ကထက် ကျောင်းသား ဦးရေ လျှော့ချခေါ်ယူထားခြင်းနှင့် ၀င်ခွင့် လျှောက်ထားနိုင် သည့် အခြေခံကြမ်းခြင်း ရမှတ်များကို ယခင်နှစ်ကထက် တိုးမြှင့်ထားသည့်အပြင် ရန်ကုန်၊ မန္တလေးနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ ဆေးတက္ကသိုလ်များတွင်လည်း ၀င်ခွင့်လက်ခံမည့် ဦးရေကို ထက်ဝက်ခန့် လျှော့ချထား သည်ကိုလည်း တွေ့ရှိရပါသည်။

"ဒီနှစ်ကစပြီး တက္ကသိုလ်တွေရဲ့ ပညာသင်နှစ်ကို မူလကထက် တစ်နှစ်စီ ထပ်တိုးခဲ့တဲ့အပြင် လက်ခံနိုင်တဲ့ ကျောင်းသားဦးရေကို လျှော့ချခဲ့ပြီး ၀င်ခွင့်အမှတ်တွေကိုလည်း တိုးခဲ့တာ ကိုလည်း တွေ့ရပါတယ်။ ၀င်ခွင့် အမှတ်တွေကို တိုးပြီး ကျောင်းသားဦးရေကို လျှော့ခေါ်လိုက်တာက ထိရောက်တဲ့ သင်ကြားမှုနဲ့ ကျောင်းသားတွေရဲ့ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင်တဲ့  သဘောပါ။ အရည်အသွေးပိုင်းဆိုင်ရာကို မြှင့်တင် သွားမှာဖြစ်တဲ့ အတွက်  လျှောက်ထားတဲ့ရမှတ်နဲ့ လျှောက်တဲ့ အရေအတွက်ပေါ် မူတည်ပြီး အမှတ် အများဆုံးကနေစပြီး သတ်မှတ်ဦးရေအထိ စီစစ်ရွေးချယ်သွားမှာ ဖြစ်ပါတယ်"ဟု တက္ကသိုလ် ၀င်ခွင့် စီစစ်ရွေး ချယ်ရေးအဖွဲ့ (အဆင့်မြင့်ပညာဦးစီး ဌာန - အောက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။

"၀င်ခွင့်အမှတ် သတ်မှတ်ချက် မပေးထားတဲ့ တက္ကသိုလ်တွေဆိုရင်လည်း ဘယ်တက္ကသိုလ်မဆို မိမိဝါသနာနဲ့ ကိုက်ညီမယ်ဆိုရင် လျှောက်ပါ။ အမှတ်အမြင့်ဆုံးကနေ စပြီး သတ်မှတ်ဦး ရေပြည့်သည်အထိ စီပြီး သွင်းသွားမှာ ဆိုတော့အခွင့်အရေးက လျှောက်တဲ့ ကျောင်းသားဘက်မှာ လည်းရှိနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောပြခဲ့ ပါသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် ကျောင်းသားအချို့မှာ မိမိအမှန် တကယ်ဝါသနာပါသည့် ဘာသာရပ် သင်ယူနိုင်ရန် ရွေးချယ် လျှောက်ထားခြင်းမျိုးထက် မိမိရမှတ်နှင့် ချိန်ဆကာ အမှတ်အများဆုံးကို စီ၍ အစဉ် လိုက်လျှောက်ထားကြသည့် အတွက် ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်း ကိုက်ညီမှုမရှိသည့် ဖြစ်ရပ်များကြောင့် အချို့မှာ ကျောင်းပြီးဆုံးသည်အထိ ပညာ ဆက်လက်သင်ကြားနိုင်မှု မရှိသည့်ဖြစ်ရပ်များကိုလည်း သာဓက တစ်ခုအဖြစ် တက္ကသိုလ် ရွေးချယ် လျှောက်ထားမည့်သူများ သတိပြုရမည်ဖြစ်ကြောင်း ပညာရေးမှ အငြိမ်းစား ပါမောက္ခချုပ်တစ်ဦးက လမ်းညွှန် ပြောကြားခဲ့ပါသည်။

၂၀၁၂ခုနှစ် တက္ကသိုလ် ၀င်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မိမိတို့ရရှိခဲ့သည့် ရမှတ်များအလိုက် တက္ကသိုလ် ၀င်ခွင့် လျှောက်ထားနိုင်ရေးအတွက် အမှတ်စာရင်း၊ အရည်အချင်း မှတ်တမ်းချုပ် ရမှတ်အဆင့်၊ တက္ကသိုလ် ၀င်ခွင့် လမ်းညွှန်စာအုပ်နှင့် လျှောက်ထားရမည့်ပုံစံများကို မိမိတို့ ဖြေဆိုခဲ့ကြသော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) မှ ၂၀၁၂ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့မှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကိုလည်း ဇူလိုင်လ(၂၆)ရက်မှ သြဂုတ်လ(၁၅) ရက်နေ့ အထိစနေ၊ တနင်္ဂနွေနေ့များ အပါအ၀င် ပိတ်ရက်မရှိအဆင့်မြင့်ပညာ ဦးစီးဌာန (အောက်မြန်မာပြည်) တွင် လာရောက် လျှောက်ထားနိုင်ပြီ ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသားကျောင်းသူပေါင်း (၁၆၀၇၇၈) ဦးဖြေဆိုအောင်မြင်ခဲ့ပြီး ၂၀၁၁ခုနှစ်၌ ဖြေဆိုအောင်မြင်သူ (၁၆၅၀၀၀)ဦးရှိသော်လည်း တက္ကသိုလ် ၀င်ခွင့် လျှောက်ထားသူ (၁၆၀၀၀၀) ဦး ရှိခဲ့ကြောင်း သိရှိရပါသည်။
ဝင်ခွင့်အမှတ်များ တိုးမြှင့်ထားပြီး လက်ခံဦးရေ လျှော့ချထားသည့် တက္ကသိုလ်ကျောင်းများ စာရင်း

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်သည့် ရမှတ်စာရင်းလက်ခံဦးရေ
၂၀၁၁ခုနှစ်၂၀၁၂ခုနှစ်၂၀၁၁ခုနှစ်၂၀၁၂ခုနှစ်
ဆေးတက္ကသိုလ်--၂၄၀၀ ဦး၁၂၀၀ ဦး
နည်းပညာတက္ကသိုလ်များ/
အစိုးရနည်းပညာကောလိပ်များ      
နှင့်စက်မှုလက်မှုသိပ္ပံများ
၃၂၀နှင့်အထက်၃၆၀နှင့်အထက်၂၉၂၅၀ ဦး၁၆၀၀၀ဦး
မြန်မာနိုင်ငံရေကြောင်းပညာ၄၀၀နှင့်အထက်၄၅၀နှင့်အထက်--
မြန်မာနိုင်ငံလေကြောင်းနှင့်          
အာကာသပညာ
၃၇၀နှင့်အထက်၄၂၀ နှင့်အထက်--
နည်းပညာ(ရတနာပုံဆိုက်ဘာစီးတီး)၃၅၀နှင့်အထက်၄၂၀အထက်၁၀၀၀ ဦး၅၀၀ဦး
စီးပွားရေး
(ဘောဂဗေဒဘာသာရပ်အပါ)၃၀၀နှင့်အထက်၃၅၀နှင့်အထက်--
(ဘောဂဗေဒဘာသာရပ်မပါ)၃၂၀နှင့်အထက်၃၅၀နှင့်အထက်















No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။