မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ခရီးသွားဥပဒေမှာခေတ်ကာလပြောင်းလဲလာခြင်းနှင့် အမျှကိုက်ညီမှုအားနည်းလာခြင်းကြောင့် ခရီးသွားဥပဒေ(Tourism law)အသစ် ပြဌာန်းရန်လိုအပ်ကြောင်း သုံးသပ်နေကြသည်။
“အဲ့ဒီဥပဒေတွေက ခေတ်မမီတော့ဘူးဆိုတာ ဟုတ်တယ်။ လက်ရှိအခြေအနေနဲ့မကိုက်ညီတော့တဲ့ ဥပဒေတွေ အများကြီး ကျန်နေပါသေးတယ်။ NGO ဥပဒေဆိုရင်တော်တော်ကြီးကို ခေတ်မမီတာ လူမှုရေး လုပ်ငန်းလုပ်တဲ့လူတွေ ဒုက္ခရောက်မယ့်ဥပဒေဖြစ်နေတယ်” ဟု စီးပွားရေးပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လက်ရှိကျင့်သုံးနေသော Tourism ဥပဒေမှာ ၁၉၄၇ခုနှစ် တည်ဆဲဥပဒေအရ ထုတ်ပြန်ထားသောဥပဒေဖြစ် ကြောင်း သိရသည်။
Tourism ဥပဒေခေတ်နှင့်အညီ ပေါ်ပေါက်ရေးအတွက် ၀န်ကြီးဌာနများကဆောင်ရွက်လျက်ရှိသော်လည်း ယခင်ကပြဌာန်းထားသော ဥပဒေ(၄၀၀)ကျော်ကိုပြင်ဆင်နေခြင်းကြောင့် နှောင့်နှေးကြန့်ကြာခြင်း ဖြစ်နေကြောင်းကိုလည်းသိရှိရသည်။
“တိုင်းဒေသကြီးအစိုးရနဲ့ ပြည်နယ်အစိုးရကနေပြီးတော့ တစ်ဦး ဆွေးနွေးပြီးတော့ညှို့နှိုင်းနေတာတွေ ရှိပါတယ်။ နှစ်(၂၀)ကျော်ပြီးဖြစ်တဲ့အတွက် Tourism ဥပဒေကခေတ်မမီတော့ဘူးဆိုတာလဲ ဟုတ်ပါတယ်။ ကျွန်တော်တို့ ၀န်ကြီးဌာနကနေလက်တလောလိုနေတဲ့ဟာတွေကို ပြင်ထားပြီးတော့ လိုအပ်နေတာလေး တွေလည်း ရှိပါတယ်။ဥပဒေပေါင်းများစွာပြင်နေရတော့ အချိန်မမီတာလဲ ရှိပါတယ်။” ဟု ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူးချုပ်(ဟောင်း) ဦးလှမင်းက ပြောသည်။
ခရီးသွားလုပ်ငန်းဥပဒေ တည်တံ့ခိုင်မြဲခြင်းသည် လုပ်ငန်းရှင်များအပေါ်တွင်မူတည်၍ ထင်သာမြင်သာရှိသော ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်သင့်ကြောင်း၊လက်ရှိအခြေအနေ အခက်အခဲများအရ ခရီးသွားလုပ်ငန်းဥပဒေသစ် တစ်ရပ်ပြင်ဆင်ပြဌာန်းသင့်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက အကြံပြုပြောဆိုသည်။
“ကျွန်တော်တို့နိုင်ငံကထွက်တဲ့ Proposal နဲ့ ထိုင်းနိုင်ငံကထွက်တဲ့ Proposal အားလုံးထင်သာမြင်သာအောင် ဆွေးနွေးပြီးတော့ နိုင်ငံစုံပါတဲ့ ဆွေးနွေးပွဲတစ်ခုအောက်ခြေမှာ လုပ်ဆောင်နိုင်အောင် လူကြီးတွေကို ပြောပြီး တော့ လုပ်ဆောင်ပေးပါ။အပြန်အလှန်ဆွေးနွေးကြမယ်. အဲ့ဒီမှာလက်ခံနိုင်တဲ့လူနဲ့ လက်မခံနိုင်တဲ့လူ ထွက်လာလိမ့်မယ်။ အများဆန္ဒနဲ့လက်ခံပြီးတော့မှ ထွက်လာတဲ့ စည်းမျဉ်းဥပဒေတွေကခိုင်မြဲပါလိမ့်မယ်။ “ ဟု Ruby Land ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီမှမန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က ဆက်လက်ပြောဆိုသည်။
မြန်မာနိုင်ငံနှင့်ဆက်အသွယ်လုပ်ကိုင်နေသော ပြည်ပကုမ္ပဏီများသည် ပြည်တွင်းတွင်လာရောက်၍ စီးပွားရေး လုပ်ငန်းလုပ်ကိုင်ပါက မြန်မာ့စီးပွားရေးလုပ်ငန်းကိုလွှမ်းမိုးခြင်းများ ဖြစ်ပေါ်နိုင်သောကြောင့် Tourism ဥပဒေ ပြဌာန်းရာတွင်ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဆွေးနွေးညှိုနှိုင်းခြင်းများပြုလုပ်သင့်ကြောင်း ခရီးသွားလုပ်ငန်း ရှင်အချို့က ဆိုသည်။
ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံခြားခရီးသွားလုပ်ငန်း အဆင်ပြေစေရေးအတွက်နိုင်ငံခြားခရီးသွားအဆင်ပြေ လွယ်ကူချောမွေ့ရေးကော်မတီအဖွဲ့ဖွဲ့ထားပြီးလာမည့် သြဂုတ်လ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် အင်းလျားလိတ်ဟိုတယ်၌၀န်ကြီးအချို့နှင့် လုပ်ငန်းရှင်များတွေ့ဆုံမည်ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။