Friday, June 15, 2012

House of Media & Entertainment တွင် အိုင်တီရက်တိုသင်တန်း အခမဲ့တက်ရောက်နိုင်

မှတ်တမ်းရုပ်ရှင်သင်တန်းပြီးဆုံးပါက အိုင်တီရက်တိုသင်တန်း အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း House of Media & Entertainment မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဘလော့ဂါနေဖုန်းလတ်ကဆိုသည်။
 

အခမဲ့မှတ်တမ်းရုပ်ရှင်သင်တန်းအား မေလ ၉ ရက်နေ့မှ မေလ ၁၈ ရက်နေ့အထိ House of Media & Entertainment ရုံးခန်းတွင် သင်ကြားပေးနေခြင်းဖြစ်သည်။ အိုင်တီသင်တန်းအား သင်တန်းကာလ (၅)ရက် သတ်မှတ်ထားပြီး လူဦးရေ(၁၅)ဦး လက်ခံ မည်ဖြစ် သည်။
 
“ဒီသင်တန်းပြီးရင်တော့ သင်တန်းသားတွေအနေနဲ့ ကျွမ်းကျင်သင်တန်းများကို တက်ရောက်နိုင်ဖို့ အခွင့်အလမ်း တွေရှိမယ်။ ဒီက လူတွေကလည်း လောလောဆယ် နိုင်ငံတကာနဲ့ ချိတ်ဆက်ထားတာဆိုတော့ နိုင်ငံတကာမှာ သင်တန်းတက်နိုင်ဖို့ အခွင့်အလမ်း ရှိတာပေါ့။” ဟု  ဘလော့ဂ်ဂါကိုနေဘုန်းလတ်က ဆိုသည်။
 
လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိုသည့်အတွက် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်သင်ကြားနေခြင်းဖြစ် ကြောင်းနှင့် နယ်မြို့ များမှ ငွေကြေးမတက်နိုင်သောသူများကို အဓိကထားသင်ကြားပေးသွားမည်ဟု သိရသည်။
 
“ဒီလိုသင်တန်းတွေတက်ခွင့်ရတဲ့အတွက် လူငယ်တွေအတွက် အများကြီးအကြိုးရှိပါတယ်။ ကိုယ့်မှာ ကင်မရာ တစ်လုံးရှိရုံနဲ့ တက်လို့ရတယ်ဆိုတော့ ပိုပြီးအဆင်ပြေပါတယ်။ အပြင်မှာ ဒီလိုသင်တန်းတွေ တက်ရဖို့ဆိုရင် အရမ်းလည်း ဈေးကြီးတယ်။ လူငယ်တွေအတွက် ဒီလို အခွင့်ရေးတွေရှိတာ ကောင်းတယ်။” ဟု သင်တန်း တက်ရောက်နေသူ မမီမိုလှိုင်က ပြောသည်။
 
မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသိမ်းဆည်းထားမည့်အခန်းကဏ္ဍများစွာရှိနေသဖြင့် ကင်မရာတစ်လုံးကို   ကောင်းမွန်စွာကိုင်တွယ်အသုံးပြုနိုင်ရန်အတွက် ယခုသင်တန်းအား လာရောက်တက် ရခြင်းဖြစ်သည်ဟု မမီမိုလှိုင်က သင်တန်း တက်ရခြင်း ရည်ရွယ်ချက်အား မြစ်မခသို့ ပြောသည်။
 
မှတ်တမ်းရုပ်ရှင်သင်တန်းဆရာများအဖြစ် ကိုအောင်ကို၊ ကိုသိဒ္ဓိနှင့် ဒါရိုက်တာကြည်ဖြူသျှင်တို့က သင်ကြား ပေးနေကြောင်းနှင့် လက်ရှိတွင် ဘားအံ၊ ပဲခူး၊ ပဲနွယ်ကုန်း၊ ဖြူး၊ ညောင်ဦး မြို့တို့မှ လူငယ် သင်တန်းသား (၁၉)ဦး တက်ရောက် သင်ကြားမှုခံယူကာ  သင်တန်းဆင်းပါက အသိမှတ်ပြုလက်မှတ်များကိုလည်း ပေးအပ် သွားမည်ဖြစ်သည်။
 
အဆိုပါ သင်တန်းခန်းမတွင် မှတ်တမ်းရုပ်ရှင်သင်တန်းအပြင် ဂျာနယ်လစ်သင်တန်း Ledershipခေါင်းဆောင်မှု ကို အခမဲ့ သင်ကြားပေးမည်ဖြစ်သည်။
၎င်းသင်တန်းများသို့ တက်ရောက်သင်ကြားလိုပါက ဗိုလ်အောင်ကျော်လမ်း အမှတ် ၅၈/၆၀ (မြေညီထပ်) ကျောက်တံတားမြို့နယ်တွင် မိမိတက်မြောက်လိုသော ဘာသာရပ်အလိုက် အခမဲ့တက်ရောက်ခွင့်ရရှိရန် စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။