Friday, June 15, 2012

မိုးတွင်းကျောင်းဖွင့်ရာသီတွင် အခြေခံစားကုန်ဈေးအနည်းငယ်မြင့်တက်

ရန်ကုန်အခြေခံစားသုံးကုန်ဈေးကွက်တွင် အာလူး၊ကြက်သွန်၊ ငရုတ်၊မကျီး၊ ထန်းလျက်ဈေးနှုန်းများ အနည်း ငယ်မြင့်တက်နေ မှုကြောင့် ၀ယ်လိုအားကျဆင်းလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်က သိရှိရသည်။  

 
“အာလူး၊ ကြက်သွန်ဈေးတွေတက်တော့ အရင် တစ်ပိသာဝယ်စုထားတဲ့နေရာမှာ အခုဆို တစ်ဆယ်သား၊ နှစ်ဆယ်သားလောက်ပဲ ၀ယ်ထားတော့တယ်၊ ဈေးလည်းနည်းနည်းတက်နေတယ်။ မိုးတွင်းဆိုရင် ဘာကုန် ပစ္စည်းပဲဖြစ်ဖြစ် ဈေးတက်ရမယ်   ပြော ထားကြလားမသိဘူး၊ အကုန်တက်လာတယ်” ဟု မြောက်ဥက္ကလာပ မြို့နယ်၊ နွယ်သာကီရပ်ကွက်မှ ဒေါ်အေးမြင့်က ပြောသည်။ 
 
၂၀၁၂ခုနှစ် ဇွန်လပထမပတ်တွင် ဆိပ်ဖြူကြက်သွန်နီ တစ်ပိသာလျှင် (၄၅၀)ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိ သာလျှင် (၇၀၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိသာလျှင် (၂၅၀၀) ကျပ် အသီးသီးရှိခဲ့ရာမှ ဇွန်လ ဒုတိ ယ အပတ်တွင် ဆိပ်ဖြူကြက်သွန်နီ တစ်ပိသာ လျှင် (၄၆၅) ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိသာလျှင် (၇၅၀) ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိသာလျှင် (၂၈၀၀) ကျပ်သို့ လည်းကောင်း အသီးသီးဈေးနှုန်း မြင့်တက် လာသည်။ 
 
ရန်ကုန်စားသောက်ကုန်ဈေးကွက်တွင်း ဈေးနူန်းအနည်းငယ်မြင့်တက်ရခြင်းမှာ နယ်ဈေးကွက်တွင် ဈေးနူန်းများ မြင့်တက်ခြင်းနှင့် ကုန်ပစ္စည်းသယ်ယူရာတွင် သယ်ယူစရိတ် အခက်အခဲများကြောင့်ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်များထံက သိရသည်။
 
ကြက်သွန်များသည် တောင်သာ၊မြင်းခြံ၊ မြစ်သား၊ ရမည်းသင်းစသောနယ်ဒေသများမှရန်ကုန်ကုန်စည်ဈေးကွက် အတွင်း ၀င်ရောက်နေပြီး ထိုမှတဆင့် ဧရာဝတီတိုင်းဒေသကြီးဘက်သို့ ပြန်လည်တင်ပို့ ရောင်းချကြောင်း သိရှိရသည်။ 
 
အလားတူ အာလူးဈေးနှုန်းမှာလည်း ဇွန်လပထမပတ်တွင် ဟဲဟိုးအာလူး တစ်ပိသာလျှင်အနိမ့်ဆုံး(၂၅၀)ကျပ်မှ အမြင့်ဆုံး( ၇၀၀ )ကျပ်ရှိခဲ့ရာမှ ဇွန်လဒုတိယပတ်တွင် ဟဲဟိုးအာလူးတစ်ပိသာလျှင် အနိမ့်ဆုံး (၂၈၀) ကျပ်မှ အမြင့်ဆုံး (၇၈၀ )ကျပ်သို့ အနည်း ငယ်မြင့်တက်လာခဲ့ကြောင်း သိရှိရသည်။ 
 
“ အခုက ကျောင်းဖွင့်ရာသီလည်းဖြစ်ပြန်၊ မိုးတွင်းကာလလည်းဖြစ်တော့ အရောင်းကျတယ်။ ဈေးကျလဲ နည်း နည်း၊ ဈေးတက် လည်းနည်းနည်းပဲ။ ပုံသေဖြစ်မနေဘူး။ အရင်လကဆို ၀ယ်ဈေးမြင့်နေတော့ တော်ရုံတန်ရုံ လူ မရင်းနိုင်ကြဘူး ” ဟု ဘုရင့်နောင်ရှိ ရှမ်းလေးပွဲရုံက ပြောသည်။
        
ရန်ကုန်ဈေးကွက်တွင်းသို့ ၀င်ရောက်နေသော အာလူးများသည် ဟဲဟိုး၊အောင်ပန်း ဘက်များမှအ၀င်များပြီး   မြစ်ဝကျွန်းပေါ်ဒေသ များသို့ ပြန်လည်တင်ပို့ရောင်းချလျက်ရှိသည်။
 
ဇွန်လပထမပတ်တွင် ငရုတ်ရှည်(ပန်းတနော်) တစ်ပိသာလျှင်(၁၅၅၀)ကျပ်ရှိခဲ့ရာမှ ဇွန်လဒုတိယပတ်တွင် တစ်ပိသာလျှင် (၁၆၀၀ )ကျပ်သို့လည်းကောင်း၊ ဇွန်လပထမပတ်တွင် ငရုတ်ပု(စိမ်းစား) တစ်ပိသာလျှင် (၃၅၀၀)ကျပ်ရှိခဲ့ရာမှ ဇွန်လဒုတိယပတ်တွင် တစ် ပိသာလျှင်(၄၀၀၀)ကျပ်သို့လည်းကောင်း မြင့်တက်လာ ခဲ့သည်။ 
 
ဇွန်လပထမပတ်တွင် မန်ကျီးသီး(အသား) တစ်ပိသာလျှင်(၆၀၀)ကျပ်ရှိခဲ့ရာမှ  ဇွန်လဒုတိယပတ်တွင် မန်ကျဉ်းသီး(အသား)တစ် ပိသာ  လျှင် (၇၀၀)ကျပ်သို့လည်းကောင်း မြင့်တက်လာခဲ့ပြီး ဇွန်လပထမပတ်တွင် ထန်းလျက်(ရေစကြို) တစ်ပိသာလျှင် (၅၅၀) ကျပ်ရှိခဲ့ရာမှ  ဇွန်လဒုတိယပတ်တွင် ထန်းလျက်(ရေစကြို) တစ်ပိသာလျှင်(၆၅၀)ကျပ်သို့ အသီးသီးမြင့်တက်ခဲ့ကြောင်း ဘုရင့်နောင်ဈေးကွက်က သိရှိရသည်။   

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။