Friday, June 15, 2012

အကြွေးကျေလယ်သမားများအား တစ်ဧက(၅)သောင်းအထိ စိုက်စရိတ်တိုးချေး

တောင်သူများမိုးစပါးစိုက်ပျိုးလုပ်ကိုင်နိုင်ရန်အတွက် မြန့်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က တစ်ဧကလျှင် ငွေကျပ် ငါးသောင်းနူန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 
“မိုးစပါးအတွက် စိုက်ပျိုးစရိတ်တိုးချေးပေးမှာပါ။ ဒါပေမယ့် အရင်နှစ်ချေးငွေတွေကိုတော့ အကြွေပြန်ဆပ်ပြီးမှ ရမှာပါ။ တစ်ဧက ငါးသောင်းဆိုတော့ တောင်သူတွေအတွက်နည်းနည်း အဆင်ပြေနိုင်မယ်လို့ထင်ပါတယ်။” ဟု တိုင်း/စိုက်ပျိုးရေး မန်နေဂျာ ဦးတင်အောင်ဝင်းက ပြောသည်။
 
လက်ရှိတွင် ကုန်ထုတ်လုပ်မှုစရိတ်များမြှင့်တက်နေခြင်းကြောင့်လည်းကောင်း၊ ပြီးခဲ့သည့် ရာသီပေါ်သီးနှံ   ဈေးကွက်ဈေးနူန်းများ ကျဆင်းခဲ့ခြင်းကြောင့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်ရန် အရင်းအနှီး အခက်အခဲမှ သက်သာနိုင်စေရန်အတွက် စိုက်ပျိုးစရိတ်တိုးချေးပေးရခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ပြောဆိုသည်။
 
အဆိုပါဘဏ်သည် စပါးစိုက်ပျိုးလုပ်ကိုင်သူများအား ယခင် ၂၀၀၉-၂၀၁၀ ခုနှစ်များတွင် တစ်ဧကလျှင် ကျပ်ငွေ နှစ်သောင်းဝန်းကျင် ထုတ်ချေးပေးခဲ့ပြီး ၂၀၁၁ခုနှစ်တွင် ငွေကျပ် လေးသောင်းသို့ တိုးမြှင့်ချေးပေးခဲ့သည်။
 
မိုးစပါးစိုက်ပျိုးရန်တိုးမြှင့်ချေးငွေထုတ်ချေးငွေအတွက် တောင်သူများသည် ယခင် ချေးယူထားသည့် စိုက်ပျိုး စရိတ်များအား   ပြန်လည်ပေးဆပ်ပြီးမှသာလျှင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“နှစ်သောင်းချေးပေးတုန်းကတော့ အဆင်မပြေပါဘူး။ ဘာလို့လဲဆိုတော့ တစ်ဧကနှစ်သောင်းက ဓါတ်မြေ သြဇာတစ်အိတ် ဖိုးလောက်တောင်   မရှိဘူး။ အခုလို တိုးချေးပေးတာ ကောင်းပါတယ်။ ကျွန်တော်တို့ ဒေသတွေ လို စိုက်/ဘဏ်ရှိပြီး   ငွေမချေးပေး တဲ့ နေရာတွေမှာလဲ ငွေချေးလုပ်ငန်းတွေ လုပ်ပေးရင်တောင်သူတွေ အတွက် ပိုအဆင်ပြေနိုင်တယ်”ဟု ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့မှ စပါးစိုက်တောင်သူ ကိုမောင်ဝင်းက ပြောသည်။
 
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်များအနေဖြင့် ၂၀၀၉-၂၀၁၀ ခုနှစ်ထက် ယခု ၂၀၁၂ခုနှစ် မိုးစပါးစိုက်ပျိုးချိန်တွင် တစ်ဧကလျှင်   ငွေကျပ်သုံးသောင်းတိုးမြှင့်ကာ ငွေကျပ်ငါးသောင်းချေးပေးမည်ဖြစ်ပြီးအတိုးနူန်းမှာ ယခင်အတိုင်း (၅)မတ်သာဖြစ်သည်။
 
“ဆန်က ပြည်တွင်းဈေးကွက်တင်မဟုတ်ဘူး။ ပြည်ပ ဈေးကွက်ကိုပါ တင်ပို့နေကြတာ။ ဆန်၊ စပါးအတွက် တောင်သူတွေ စိုက်ပျိုးရေး အခက်အခဲတွေ မရှိမှ ပိုမိုတွင်ကျယ်မယ်။ တောင်သူတွေအတွက်လည်း အဆင် ပြေနိုင်သလို့ နိုင်ငံအတွက်လည်း အကျိုးရှိပါတယ်။ စိုက်ပျိုးရေးကဏ္ဍတွေ တိုးတက်လာအောင်လည်း       နည်းပညာတွေ၊ ငွေကြေးအခက်အခဲတွေ ဖြေရှင်းပေးသင့်တယ်”ဟု ဆန် Export လုပ်ကိုင်နေသူ ဘုရင့်နောင်မှ ကိုရဲနောင်က ၄င်းအမြင်ကို ပြောသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။