
ရခိုင်ပြည်နယ်
စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဓမ္မာရုံတွင် ဖွင့်လှစ်ထားသော
ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိ ခိုလှုံနေသော ဒေသခံတိုင်းရင်းသားများ
ဇွန်လ ၁၃ ရက်နေ့အထိ ရခိုင်ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ ဒုက္ခသည်များ ဆက်လက် ရောက်ရှိလျက်ရှိကြောင်း သိရှိ ရသည်။
ထိုပြင် ရခိုင်ပြည်နယ်မြို့နယ်များအတွင်းမှ ဖမ်းမိလာသော ဘင်္ဂါလီများကိုလည်း ဘင်္ဂါလီများအတွက် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေး စခန်းများသို့လည်းကောင်း၊ သက်ဆိုင်ရာ ရဲစခန်းများသို့လည်းကောင်း ရခိုင်ပြည်နယ်ဒေသခံများမှ အသီးသီး ပေးပို့ခဲ့ကြကြောင်း သိရှိရသည်။
''ဇွန်လ ၁၁ ရက်နေ့နဲ့ ဇွန်လ ၁၂ ရက်နေ့ နှစ်ရက်လုံးမှာ ရပ်ကွက်ကဖမ်းမိတဲ့ ဘင်္ဂါလီတစ်ချို့ကို ရဲစခန်းကို လာပို့ပါတယ်။ အဲ့ဒီလူတွေကို ဘင်္ဂါလီတွေအတွက် ဖွင့်ထားတဲ့ ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး ကယ်ဆယ်ရေးစခန်း သွားချင်တဲ့ ဘင်္ဂါလီတွေကိုလည်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေက စောင့်ရှောက်ပြီး ကယ်ဆယ်ရေးစခန်းတွေကို ပို့ပေးပါတယ်။ ဘင်္ဂါလီ ကလေးတွေနဲ့ မိန်းမတွေကိုတွေ့ရင်လည်း စစ်တွေမြို့ခံတွေက ဘာမှမလုပ်ဘဲ ရဲစခန်းကို လာပို့ပေးပါတယ်။ သူတို့တွေကိုလည်း ကယ်ဆယ်ရေး စခန်းတွေကို ပို့ပေးပါတယ်။ လော လောဆယ် စစ်တွေမြို့ပေါ်မှာ ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်ထားပါတယ်''ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ သတင်းပေးပို့ခဲ့သည်။

စစ်တွေမြို့တွင်း တစ်နေရာမှ ဒေသခံအမျိုးသမီးများအား ဇွန်လ ၁၃ ရက်နေ့က တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော အကြမ်းဖက်ဖြစ်ရပ်များကြောင့် ရခိုင်ဒုက္ခသည်ဦးရေမှာ ဇွန်လ ၁၁ ရက်နေ့အထိ ၁၂၀၇၄ ဦး ရှိသွားပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ကောက်ယူထားသော စာရင်းများအရ သိရသည်။

စစ်တွေမြို့ ဦးရဲကျော်သူကျောင်းတိုက် ဓမ္မာရုံ ကယ်ဆယ်ရေးစခန်းမှ ဒုက္ခသည် အဖွားအိုတစ်ဦး
ရခိုင်ဒုက္ခသည်များမှာ လတ်တလောအချိန်တွင် ဘုန်းတော်ကြီးကျောင်းများ၊ ရဲတပ်ရင်းများ၊ စာသင်ကျောင်းများ၊ ခန်းမများတွင် ခိုလှုံလျက်ရှိကြသည်။ မောင်တောမြို့တွင် လက်ရှိခိုလှုံနေသော ဒုက္ခသည်ဦးရေမှာ စုစုပေါင်း ၃၈၇၄ ဦးရှိသည့်အနက် (၄) မိုင်ရဲတပ်ရင်း (၂)တွင် ဒုက္ခသည်ဦးရေ မှာ ၃၀၀၀ ဦးခန့်ဖြင့် အများဆုံး ခိုလှုံလျက်ရှိသည်ဟု သိရသည်။

စစ်တွေမြို့တွင်း၌ ၁၄၄ ထုတ်ပြန်ထားသည်ကို လိုက်လံကြေညာနေစဉ်
''မောင်တောမှ ကယ်ဆယ်ရေး စခန်းလေးခု ဖွင့်ထားတယ်။ အဲဒီမှာ ရောက်ရှိနေသူက ၂၀၃၈ ဦးရှိတယ်။ ဘူးသီးတောင်မှာ ကယ်ဆယ်ရေးစခန်းတစ်ခု ရှိတယ်။ အဲဒီကိုရောက်နေတာ ၉၄၈ ဦးရှိတယ်။ ရခိုင်ပြည်နယ် စစ်တွေမှာရှိတဲ့ ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှာ ရောက်ရှိ ခိုလှုံနေသူတွေက ၅၀၀၀ ကျော်ရှိတယ်။ စစ်တွေမြို့အနီး ရပ်ကွက်တွေမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့ရဲ့ လုံခြုံရေးအတွက် အကာအကွယ်ပေးဖို့ ပြည်နယ်အစိုးရရုံးကို အကြောင်းကြားလာတာ ရှိတယ်။ ဥပမာအားဖြင့် မကျည်းမြိုင် ရပ်ကွက်ကလူတွေက ဘုမေဘက်ကို သွားချင်တဲ့ အကြောင်းအကြောင်း ကြားလာတာတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ အစ္စလာမ်ဘာသာဝင်တွေအတွက် ကယ်ဆယ်ရေးစခန်းနှစ်ခု ဖွင့်ပေးထားပါတယ်။ တစ်ခုကစက်ရုံစု (နာဇီရွာ အုပ်စု)၊ အ.ထ.က(ခွဲ)မှာ ဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ်ဘာသာဝင် ဦးရေ ၂၁၂၅ ဦး ရောက်ရှိ ခိုလှုံနေပါတယ်။ အိမ်ထောင်စုပေါင်း ၃၃၃ စု ရှိပါတယ်။ မကျည်းမြိုင်ဗလီမှာလည်း ကယ်ဆယ်ရေးစခန်းတစ်ခု ဖွင့်ထားပါတယ်။ အဲဒီမှာ အစ္စလာမ်ဘာသာဝင် ၃၀၀ ရောက်ရှိနေပါတယ်။ အိမ်ထောင်စု ၄၀ ရှိပါတယ်။ အခုဖြစ်နေတဲ့ အခြေအနေက တစ်ဖက်နှင့် တစ် ဖက် ယုံကြည်မှု မတည်ဆောက်နိုင်လို့ အပြန်အလှန်ဖြစ်နေကြတဲ့ သဘောရှိပါတယ်။ ဒါကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရခိုင်တိုင်းရင်းသားတွေဖက်ရော အစ္စလာမ် ဘာသာဝင်တွေဖက်ရော နှစ်ဖက်စလုံးသွားပြီး စေ့စပ်မှုတွေ လုပ်နေပါတယ်။ ဥပမာဆိုရင် ပထမဖြစ်ကာစက အစ္စလာမ်ဘာသာဝင်တွေရှိတဲ့ဘက်ကို အခြေအနေ ရှုပ်ထွေးနေတော့ ဘယ်သူမှ မသွားရဲကြဘူး။ အခုအချိန်မှာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း အစ္စလာမ်ဘာသာဝင်တွေ ရှိတဲ့ဘက်ကိုသွားပြီး ထိတွေ့ဆက်ဆံမှုတွေ လုပ်နေပါတယ်''ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး ထိပ် တန်းအရာရှိတစ်ဦးက ပြောပါသည်။
ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာ ရီ ၅၀ မိနစ်အချိန် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့များတွင် တည်ငြိမ်အေးဆေးလျက်ရှိပြီး မိုများလည်း ရွာသွန်းနေကြောင်းနှင့် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံသော ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ လုံလောက်မှုမရှိသည့် အခြေအနေကို ကြုံတွေ့နေရကြောင်း ၁၄၄ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ဒေသခံများက အပြင်သို့ မထွက်တော့ကြောင်း ဒေသခံတစ်ဦးက ပြောကြားခဲ့ပါသည်။
''စစ်တွေမြို့ရဲ့ ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း အခြေအနေကတော့ အေးအေးချမ်းချမ်း ရှိနေတယ်။ မနက်ပိုင်းကတော့ မကျည်းမြိုင်ဘက်မှာ မီးရှို့ဖို့ကြိုးစားတဲ့ ဘင်္ဂါလီ ၃ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းဆီးလိုက်တယ်။ ကသဲရွာဘက်မှာလည်း မီးရှို့ဖို့ကြိုးစားတဲ့ ဘင်္ဂါလီ ၂ ဦးကို ရခိုင်တိုင်းရင်းသားတွေက ဖမ်းမိပါတယ်။ အဲဒါတွေအပြင် တခြားထူးခြားတဲ့ဖြစ်စဉ်တော့ မတွေ့ရသေးပါဘူး''ဟု စစ်တွေမြို့သို့ ရောက်ရှိနေသော သတင်းထောက်မှ သတင်းပေးပို့ပါသည်။
စစ်တွေမြို့တွင်း ကယ်ဆယ်ရေး စခန်းအချို့နှင့် ယင်းတို့ရှိလူဦးရေစာ ရင်းမှာ အဒိဒါန်ကျောင်း ၂၀၀၀ ဦးခန့်၊ ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်၊ ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်၊ ဆင်ကူးလမ်း ဓမ္မာရုံ ၆၀၀ ဦးခန့်၊ မင်းခံဓမ္မာ ရုံ ၅၀၀ ဦးခန့်၊ ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်၊ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်၊ စပါးထားကျောင်း ၄၀၀ ဦးခန့်၊ ဉာဏစက္က ၃၅၀ ဦးခန့်၊ ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်၊ ယတ္တရာကျောင်း ၃၅၀ ဦးခန့်၊ ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်၊ စိတ္တသုခကျောင်း ၂၅၀ ဦးခန့်၊ မရာမာကြီးကျောင်း ၂၅၀ ဦးခန့်၊ ရွာကြီးတောင်ဓမ္မာရုံ ၂၅၀ ဦးခန့်၊ ခေါင်း လောင်းကျောင်း ၂၅၀ ဦးခန့်၊ ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်၊ ၀ါယမကျောင်း ၂၀၀ ဦးခန့်၊ ကယိချောင်းကျောင်း ၂၀၀ ဦးခန့်၊ ဘုရားလေးဆူကျောင်း ၂၀၀ ဦး ခန့်၊ လမ်းမတော်မြောက်ဓမ္မာရုံ ၂၀၀ ဦးခန့်၊ အမျိုးသားကျောင်း ၁၅၀ဦးခန့်၊ ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်တို့ ဖြစ်ပါသည်။ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်များအနက် ၈၀ ရာခိုင်နှုန်းမှာ ရခိုင်လူမျိုးများဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။