Friday, June 15, 2012

နိုင်ငံသားဖြစ်မှုအတွက် ရှင်းလင်းတိကျသော ဥပဒေများလိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်သုံးသပ်၊ အဓိကပြဿနာမှာ မလုံခြုံသော နယ်ခြားနှင့် တရားမ၀င် ရွှေ့ပြောင်းဝင်ရောက်လာသူများရှိနိုင်သည့် ကိစ္စဖြစ်ပြီး အကျင့်ပျက် ချစားမှုမရှိသော နယ်ခြားစောင့်ကြည့်မှုမျိုးလိုအပ်ဟုပြောကြား

dassk
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော မငြိမ်သက်မှုများနှင့် ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့သို့ ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များက မေးမြန်းခဲ့ရာတွင် နိုင်ငံသားဖြစ်မှုအတွက် အလွန်ရှင်းလင်း တိကျသော ဥပဒေများရှိရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က သုံးသပ်ခဲ့ပါသည်။

အဓိကပြဿနာတစ်ခုမှာ မလုံခြုံသော နယ်ခြားနှင့် တရားမ၀င် ရွှေ့ပြောင်းဝင်ရောက် လာသူများရှိနိုင်သည့် ကိစ္စဖြစ်ကြောင်းလည်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်က သုံးသပ်ခဲ့ပြီး ပိုမိုတာဝန်ယူမှုရှိပြီး အကျင့်ပျက် ချစားမှုမရှိသော နယ်ခြားစောင့်ကြည့်မှုမျိုး လိုအပ်ကြောင်းလည်း သုံးသပ်ခဲ့ပါသည်။

ဇွန်လ ၁၄ ရက်နေ့က ဂျနီဗာ တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)၏ နှစ်ပတ်လည် ညီလာခံကို တက်ရောက်ခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌက  တရားဥပဒေစိုးမိုးရေး၊ လူမျိုးရေးပဋိပက္ခများ အဆုံးသတ်ရေး၊ အားကောင်းသော ဒီမိုကရက်တစ်အဖွဲ့အစည်းများ မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာရေးတို့နှင့် ပတ်သက်ပြီးလည်း မိန့်ခွန်းပြောကြားခဲ့ပါသည်။

ယခုမိန့်ခွန်းပြောကြားမှုမှာ အစိုးရကို ကိုယ်စားပြုပြီး ပြောကြားခြင်းမဟုတ်ကြောင်း ပြောခဲ့ပြီးနောက် "အခုထိမဟုတ်သေးဘူး ဆိုပါတော့"ဟု ပြောကြားခဲ့ရာ ပရိသတ်များ ပွဲကျခဲ့ကြသည်။

မိန့်ခွန်းပြောကြားအပြီး နောက်မေးခွန်းများကို ဖြေကြားရာတွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မေးမြန်းမှုများကိုလည်း ဖြေကြားခဲ့ရပါသည်။

"ကျွန်မလည်း ပူပန်သလို မြန်မာနိုင်ငံမှာရှိတဲ့ လူတိုင်းလည်း ပူပန်တဲ့ကိစ္စပါ"ဟု သုံးသပ်ခဲ့သည်။

"ကျွန်မတို့ ထပ်တစ်လဲလဲ ပြောပါတယ်။ တရားဥပဒေ စိုးမိုးမှုဆိုတာ လိုအပ်တယ်ဆိုတာ။ တရားဥပဒေ စိုးမိုးမှုဆိုတာ မရှိရင် ဒီလိုမျိုး အသိုင်းအ၀ိုင်းတွေကြားမှာ ပဋိပက္ခ ဆိုတာ ရှိလာဦးမှပဲ"ဟု သုံးသပ်ခဲ့ပြီး အကျပ်အတည်းကို ပျော့ပြောင်းစွာဖြင့် ကိုင်တွယ်ရမည် ဖြစ်သလို သက်ဆိုင်သူ အားလုံး ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ အလွန်ရှင်းလင်းပြီး တိကျတဲ့ဥပဒေမျိုး ကျွန်မတို့လိုအပ်သလို ဘယ်လို လူမျိုးတွေ အကျုံးဝင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်း ရှိရပါမယ်။  နိုင်ငံသားအဖြစ် သတ်မှတ်အကြုံးဝင်တဲ့သူ အားလုံးကိုတော့ သူတို့ကို ပေးရမဲ့ အခွင့်ရေးတွေ အားလုံးရတဲ့ အပြည့်အ၀ နိုင်ငံသားအဖြစ် ဆက်ဆံရပါမယ်"ဟု နိုင်ငံသားဖြစ်မှုဆိုင်ရာ ရှင်းလင်းသည့် ဥပဒေလိုအပ်ကြောင်း ပြောကြားခဲ့သည်။

"နယ်ခြားရဲ့ နှစ်ဖက်စလုံးမှာ ရှိနေတဲ့ စိုးရွံ့မှုကနေ အဓိကပြဿနာကြီး တစ်ခု ဖြစ်လာတာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပြောမယ်၊ မြန်မာကလည်း ပြောမယ်။ တရားမ၀င် ရွှေ့ပြောင်း အခြေချသူတွေက တစ်ချိန်လုံး ၀င်နေကြတာပဲဆိုတာ။ ဒါက နယ်ခြားမလုံခြုံလို့ပါ။ ပိုပြီး တာဝန်ယူမှုရှိပြီး အကျင့်ပျက် ခြစားမှု မရှိတဲ့နယ်ခြား စောင့်ကြည့်မှုမျိုး လိုပါတယ်"ဟု ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်တွင်ဖြစ်ပေါ်နေသော မငြိမ်သက်မှုများနှင့် ပတ်သက်ပြီးလည်း ထည့်သွင်းပြောကြားခဲ့ပြီး "အပြစ်အခတ် ရပ်ဆဲရုံနဲ့ မလုံလောက်ပါဘူး။ငြိမ်းချမ်းရေး ရှည်ကြာဖို့ နိုင်ငံရေးအရ တရားဝင် သဘောတူညီမှုတစ်ရပ် လိုအပ်ပါတယ်"ဟု ထည့်သွင်း ပြောကြားသွားခဲ့သည်။

Ref: CNN/Businessweek / Photo: AFP

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။