Saturday, June 9, 2012

ပုသိမ်-မြောင်းမြ ကားလမ်းကောင်းမွန်စေရန် မြောင်းမြမြို့ခံများမျှော်လင့်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ပုသိမ်-မြောင်းမြလမ်းမကောင်းခြင်းကြောင့် ဒေသခံပြည်သူများ ခရီးသွားလာ ရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း မြောင်းမြမြို့ခံများထံက သိရသည်။



“ကျွန်မတို့အနေနဲ့ လမ်းကောင်းဖို့တော့ မျှော်လင့်ပါတယ်။ တစ်ကယ်တမ်းဆိုရင် လမ်းကောင်းရင် မြောင်းမြနဲ့ ပုသိမ်ကို (၁)နာရီလောက်ပဲ အခု လမ်းကမကောင်းတော့ (၃)နာရီ (၄)နာရီလောက်ကြာတယ်။ မိုးတွင်းဆိုရင် သွားလာဖို့ အခက် အခဲဖြစ်တယ်။ လမ်းခင်းထားတာကလည်း တံတားအဆင်းအတက်နေရာလေးနဲ့ မြို့ဝင် အလေးနေရာ နည်းနည်းပဲ ကတ္တရာခင်းထားတယ်” ဟု ဒေသခံဒေါ်ဌေးဌေးဝင်းက ပြောသည်။

ရန်ကုန်-မြောင်းမြကားလမ်းခရီးသွားလာသူများအနေဖြင့်  ကားခ(၃၅၀၀)ကျပ်ဖြင့် သွားလာနေရသော်လည်း မိုးတွင်း ကာလတွင် လမ်းမကောင်းခြင်း အချိန်ကြန့်ကြာခြင်းကြောင့် တစ်ဦးလျှင် ကျပ် (၅၀၀၀)အထိပေးရ ကြောင်း သိရသည်။

“ကျွန်တော်တို့အနေနဲ့လည်း ပုံမှန်ပဲ တောင်းချင်တာပါ။ ကျန်တဲ့အချိန်က တစ်နေ့ ၂-၃ ခေါက်လောက် သွားလို့ ရတဲ့အချိန်မှာ မိုးတွင်းဆိုရင် တစ်ခေါက်နဲ့ အချိန်ကုန်သွားတော့ ကျွန်တော်တို့အနေနဲ့လည်း ပိုတောင်းရတယ်။ လမ်းတွေသာ ကောင်းနေမယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် ပုံမှန်ဈေးနဲ့ဆွဲနိုင်ပါတယ်”ဟု အောင်စုမွန် ခရီးသည် တင်ယာဉ်လိုင်းမှတာဝန်ရှိသူတစ်ဦးကဆိုသည်။

အဆိုပါ ပုသိမ်-မြောင်းမြလမ်းအား လမ်းကြမ်းအဖြစ် ၁၉၈၆ ခုနှစ်ဝန်းကျင်မှ ဖောက်လုပ်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ကတ္တရာလမ်းခင်းမှုကို (၅ မိုင်) ပုသိမ်မှမြောင်းမြကြိုးတံတားအထိသာ ခင်းခဲ့ကြောင်း၊ လက်ရှိတွင် မြောင်းမြ ကြိုးတံတားမှ မြောင်းမြမြို့အထိ လမ်းကြမ်းအဖြစ်သာရှိပြီး တံတားအဆင်းအတက်များတွင်သာ ကတ္တရာ အနည်းငယ် ခင်းထားသည်။

“လမ်းကောင်းဖို့တော့မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ဒေသထွက်ကုန်တွေ၊ ဒေသခံတွေအတွက်သွားလာ ရေး ကုန်ပစ္စည်းတင်ပို့ဖို့အတွက် အခက်ခဲတွေဖြစ်နေတယ်။ ဒေသခံတွေက ဒီလမ်းကိုပဲအားကိုးနေရတယ်။ မိုးတွင်းဆိုရင်   ကျောင်းနေတဲ့ ကလေးတွေအတွက်ပါ ကျောင်းတက်ဖို့ခက်တယ်”ဟု  သမင်ခြံမှ ဒေသခံ ဒေါ်ဝေေ၀လွင်က ပြောသည်။

ပုသိမ်-မြောင်းမြလမ်းပိုင်းတွင်း လမ်းပျက်စီးမှုအားထိန်းသိမ်းရန် ပြည့်သူဆောက်လုပ်ရေးဝန်ကြီးဌာနမှ မိုးတွင်းကာလတွင် ကားကြီး(၆)တန် အထက်မ၀င်ရဟု သတင်းထုတ်ပြန်ထားသည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။