Saturday, June 9, 2012

ပူတာအိုခရိုင်တွင် စားသုံးကုန်ဈေး အဆမတန်တက်နေ

မြန်မာနိုင်ငံမြောက်ပိုင်းအဆုံးရှိ ကချင်ပြည်နယ် ပူတာအိုခရိုင် ပူတာအိုမြို့တွင် လမ်းပမ်းဆက်သွယ်ရေးအခက်အခဲကြောင့် စားသုံးကုန်ဈေးများ ထိုးတက်နေကြောင်း ဒေသခံများထံက သိရှိရသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့နှင့် မြန်မာအစိုးရတပ်ကြား စစ်ပွဲများဖြစ်ပွားလာပြီးနောက်ပိုင်း မြစ်ကြီးနား- ပူတာအို ကားလမ်းမကြီးမှာ မကြာခဏ ပိတ်နေသဖြင့် ကုန်ပစ္စည်းများအား လေယာဉ်ဖြင့်သာ တင်သွင်း နေသောကြောင့် ယခုကဲ့သို့ ဈေးတက်လာခြင်းဖြစ်သည်။
 
”မိသားစုများတဲ့ အိမ်ဆို ဆန်ကိုလျှော့ပြီး ချက်စားနေရတယ်။ အဓိကတော့ အစားအသောက်မှာက ထမင်းပဲ လေ အရေးကြီးတာက။ ဆန်ဈေးတက် ဒီကလူတွေ တော်တော် ခက်ခဲနေကြတယ်၊ နော်မွန်းမှာဆိုရင် ဘယ်လို နေမလဲ မသိဘူး” ဟု ပူတာအို ဒေသခံ တစ်ဦးက ပြောသည်။

မြစ်ကြီးနားမြို့မှ တင်သွင်းသည့် ဆန်တစ်အိတ်လျှင် ကျပ်ငွေ (၅)သောင်းထိ ဈေးနှုန်းထိုးတက်နေသလို  ပေါ်ဆန်းမွေးတစ်အိတ် ကျပ်(၆)သောင်းထိ မြင့်တက်နေခြင်း ဖြစ်သည်။ ယခင်က တစ်အိတ်လျှင် ကျပ် (၂၅၀၀၀) ဖြင့် ဝယ်ယူစားသုံးခဲ့ရာမှ ယခုကဲ့သို့ မြင့်တတ်လာခြင်း ဖြစ်သည်။
 
 “ကားလမ်းက လုံးဝ ပိတ်သွားပြီ။ မိုးတွင်းဆို ဘယ်လိုလုပ်ရမလဲတောင် မသိတော့ဘူး”ဟု ပူတာအို ဒေသခံက ဆက်ပြောသည်။ ပူတာအို- မြစ်ကြီးနား ကားလမ်းမကြီးအား အစိုးရမှတရားဝင် ပိတ်ထားခြင်း မရှိသော်လည်း ဒေသခံများမှာ မသွားမှုပြုလုပ်ခြင်း မရှိတော့ပေ။


ပူတာအိုတွင် ဆန်ဈေးသာမက အခြား စားသုံးကုန်များလည်း ဈေးတက်နေခြင်းဖြစ်သည်။ ယခင်က ဆား (၃) ထုတ်လျင် ကျပ် (၁၀၀၀)ဖြင့် ဝယ်ယူသုံးစွဲနေရသော ဆားများမှာ ယခုဆားတစ်ထုတ်လျှင် ကျပ် (၇၀၀)ဖြင့် ဝယ်ယူနေရကြောင်းနှင့် ဓါတ်ဆီ (၁)ပုလင်းလျှင် ကျပ် (၂၅၀၀)ဈေးနှုန်းထိ မြင့်တက်သွားကြောင်းကိုလည်း သိရသည်။
 
 
ပူတာအို ဒေသထွက် ဆန်များလည်း အထွက်နှုန်း မကောင်းသဖြင့် လယ်စိုက်ပျိုးနေသည့် တောင်သူများအတွက်လည်း အခက်အခဲဖြစ်နေကြောင်း ဒေသခံများက ဆိုသည်။


ပူတာအိုခရိုင်ရှိ ဒေသခံအများစုမှာ ရာသီထွက်သီးနှံများ စိုက်ပျိုးခြင်းနှင့် တောထွက်ပစ္စည်းများဖြစ်သော ရှိးပဒီး၊ ပါးရည်၊ ဆေးမြစ်တိုများ ရှာဖွေကာ စားဝတ်နေရေး အား ပြေလည်အောင် ဖြေရှင်းနေရခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။