Saturday, June 9, 2012

မြောင်းမြ တဇင်ကုန်းလယ်သမားများ တစ်ဧက(၄)သောင်းနှုန်းဖြင့် ပြန်ငှားရန် အခက်အခဲရှိ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် တဇင်ကုန်းကျေးရွာရှိ  ဘိုးဘွားပိုင်မြေနှင့်သီးစားအမည်ပေါက် လယ်မြေဧက (၁၈၀)ကျော်တွင် လယ်သမားများက တစ်ဧကလျှင် ကျပ်ငွေ(၄)သောင်းဖြင့် ငှားရမ်း လုပ်ကိုင် နေရကြောင်း သိရသည်။
 
 
“အရင်က ဒီမြေကွက်တွေက ကျွန်တော်တို့ပိုင်တာပါ။ တပ်ရင်း(၉၃) က လျော်ကြေးနည်းနည်းပေးပြီး သိမ်း ခဲ့တာပါ။ အခု (၁)ဧကကို   လေးသောင်းနဲ့ ပြန်ငှားသုံးနေရတယ်။ ကျွန်တော်တို့ဆီ ကသိမ်းခဲ့တုန်းက ဟိုဟာ လုပ်လို့ ဒီဟာလုပ်လို့ရတယ်ဆိုပြီး အတင်းအဓမ္မ လက်မှတ်အတင်းထိုးခိုင်းခဲ့တယ်။” ဟု တဇင်ကုန်း ကျေးရွာလေးမှ ဒေါ်မရီက ပြောသည်။
 
မြောင်းမြခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥယျာဉ်ခြံဧကပေါင်း (၁၈၀) ကျော်အား (၂၇.၆.၉၆) ရက်စွဲ ပါအမှတ်-၂၂၀/ ၂-၂၁ ခအထ ဖြင့် မြေသိမ်းခွင့်ပြုခဲ့ကြောင်း၊  မြောင်းမြမြို့ အခြေ စိုက်အမှတ် (၉၃) ခြေလျင် တပ်ရင်းက ၂၀၀၀ ခုနှစ်၊ မေလ (၁၀) ရက်နေ့တွင် သိမ်းယူခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥယျာဉ်ခြံမြေပေါ်မှ သီးနှံများ အား သီးစားပြန်လည်ချထားခြင်းဖြစ်သည်။
 
ခြေလျင်တပ်ရင်း(၉၃)မှ လယ်ယာမြေများသိမ်းဆည်းစဉ်က ဥယျာဉ်ပိုင်ဆိုင်သူများအား လျော်ကြေးငွေပေး၍ (၉.၉.၂၀၀၀ ) ရက်စွဲပါစာအမှတ်၊ ၁/၁၉၉/၄၂ ထောက် ၅ဖြင့် သိမ်းယူခံမြေ/ ခြံလုပ်သူများက မြေပေါ်ရှိ နှစ် ရှည်သီး/ စားပင်များကို လွှဲပြောင်းပေးရန် ယင်းမြေအား တပ်ရင်းမှ သီးစားချခြင်း၊ မြေခွန်ကောက်ခြင်းများ ဆောက်ရွက်မှု မရှိကြောင်း၊ ငွေပေးရလျှင် ဌာနချုပ်တပ်ခွဲ၊ တပ်ရေးဗိုလ်ကြီးထံတိုင်ကြားနိုင်ကြောင်း သိရသည်။
 
 “လယ်မြေသိမ်းတုန်းက တပ်ရင်း(၉၃)က ဘယ်လိုပြောပြီး လုပ်ပြီးအတင်းအဓမ္မသိမ်းခဲ့တယ်ဆိုတာ  ကျွန်တော် တို့ ကြုံတွေ့ခဲ့ရတာကို သမ္မတကြီးထံ စာတင်ထားပါတယ်။ ပြန်ပြီး လယ်လုပ်စားခွင့်ကိုပြန်ရရင်တော့ အဆင်ပြေ ပါတယ်။ တစ်ဧကလေးသောင်းဆိုတာ မရှိလို့ လယ်လုပ်စားပါတယ်ဆိုမှ မြေငှားခက စပေးနေရတော့ အဆင် မပြေဘူး”ဟု တဇင်ကုန်းကြီး ကျေးရွာအုပ်စု တဇင်ကုန်လေးကျေးရွာမှ ဦးအေးမြင့်က ပြောသည်။
 
လယ်ယာမြေသိမ်းဆည်းခံရသော လယ်သမားအနေဖြင့် နိုင်ငံတော်သမ္မတထံသို့  (၁၁.၁.၂၀၁၁)နေ့၊ (၁၀.၁၀.၂၀၁၁)နေ့၊ (၁၀.၁.၂၀၁၂) နေ့နှင့် (၂.၄.၂၀၁၂)နေ့တို့တွင် မြောင်းမြမြို့နယ်၊ တဇင်ကုန်းကြီးကျေး ရွာအုပ်စု တဇင်ကုန်းလေးကျေးရွာနေ   တောင်သူ (၂၆) ဦး လက်မှတ်ရေးထိုး၍ အသနားခံစာတင်ခဲ့ကြောင်း သိရသည်။      
 
“စာတင်ထားတာက လေးကြိမ် ငါးကြိမ်လောက်ရှိပါပြီ သမ္မတကြီးဆီ မရောက်တာလား။ သမ္မတကြီးဆီမရောက် ပဲ အောက်ခြေ မှာတင် တင်ထားတဲ့ စာတွေ ဖျောက်ထားကြတာလား မသိဘူး။ လယ်ဧက (၂၀၀)ဆိုတာ နည်းတာ မဟုတ်ဘူး။ ကျွန်တော်တို့  ကိုပြန်လုပ်စားခွင့်ပေးစေချင်ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
 
ဘိုးဘွားပိုင်မြေအား သိမ်းဆည်းစဉ်က (၁၈၉၄) မြေသိမ်းအက် ဥပဒေလုပ်ထုံးလုပ်နည်းနှင့် မညီသလို ၂၀၁၀ခုနှစ်   ရွေးကောက် ပွဲအပြီး ပြဌာန်းခဲ့သော လယ်ယာမြေ ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့်လည်း မညီသည့်အတွက် ပြန်လည်စီစစ်ပေးရန် လိုကြောင်း မြောင်းမြမြို့နယ်မှ လိုင်စင်သိမ်းခံထားရသော အထက်တန်းရှေ့နေ ဦးစန်းမြင့်အောင်က ဆိုသည်။
 
“၁၈၉၄ မြေသိမ်းအက်ဥပဒေမှာ မြေသိမ်းယူတာကို လုပ်လျှင် ပုဂ္ဂလိကအကျိုးစီးပွားကို ရည်ရွယ်တဲ့လုပ်ငန်း တွေမှာ ခွင့်မပြုဘူး။ အများပြည်သူအကျိုးအတွက်သာ မြေသိမ်းဆည်းပြီး တည်ဆဲမြေယာဥပဒေလုပ်ထုံးလုပ် နည်းနဲ့သာ  ဆောင်ရွက်ရမယ်လို့ ပထမအကြိမ် အမျိုးသားလွတ်တော်ပုံမှန်အစည်းrအဝေး(၂၉)ရက် မြောက်နေ့မှာ အတည်ပြုခဲ့တယ်။ ဒါပေမယ့် အခုက အဲဒီဥပဒေကို လိုက်နာခြင်းလည်း မရှိဘူး။ အဲဒီထဲက အချို့ ဥယျာဉ်ခြံတွေကို ပုဂ္ဂလိကပြန်လွှဲထားတာလည်း တွေ့ရတယ်” ဟု ၄င်းက ပြောသည်။
 
တဇင်ကုန်းလေးကျေးရွာတွင် အိမ်ထောင်စုဝင်ပေါင်း (၈၀)ကျော်ခန့်ရှိ၍ အများစုမှာ စပါးနှင့် နှစ်ရှည် သီးနှံ များဖြစ်သော သရက်၊ ပိန္ဒဲ၊ မရမ်း၊ ဓညင်းပင်များစိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများ ဖြစ်သည်။   
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။