Saturday, June 9, 2012

ဇွန်(၂၀)တွင် ဦးအောင်မင်းအဖွဲ့နှင့် KIO မိုင်ဂျာယန်၌ တွေ့ဆုံမည်

ကချင်လွတ်မြောက်ရေးအဖွဲ့နှင့် ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့သည်  ဇွန်လ (၂၀)ရက်နေ့တွင် မိုင်ဂျာယန်မြို့တွင် ထပ်မံတွေ့ဆုံမည်ဖြစ်သည်။

 
“မနေ့က စာပို့လာတယ်။ ၁၄ ရက်နေ့တွေ့ဖို့။ ဒါမယ့် ကေအိုင်အိုဘက်ကလည်း အဆင်သင့်မဖြစ် သေးတော့ နှစ်ဘက်သဘောတူတဲ့ ရက်ကို ရွေးလိုက်တယ်။ အစိုးရကတော့ ကေအိုင်အိုကိုပဲ နေရာ ရွေးခိုင်းတာပါ။”ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ဝင် ဦးအင်ရှန်းဆန်အောင်က ပြောသည်။
 
ယခုအကြိမ်တွေ့ဆုံမှုတွင် ကေအိုင်အိုတောင်းဆိုထားသော အစိုးရဘက်က တပ်စခန်းများ ရုတ်သိမ်း ပေးရန်ကိစ္စအား ဦးအောင်မင်း အဖွဲ့က ပြည်ထောင်စုအစိုးရအဖွဲ့ထံမှ အဖြေပြန်လည်ယူဆောင် လာမည်ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်ပြောသည်။
 
အစိုးရတပ်စခန်းများရုပ်သိမ်းမည့် သဘောတူညီချက်ရရှိလျှင် ၎င်းတို့ဘက်က တပ်များကိုလည်း ရုပ်သိမ်းသွားဟု ကေအိုင်အိုက ဆိုထားသည်။
 
နှစ်ဘက်ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးအောင်မင်းဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး   ဖော်ဆောင်ရေး အဖွဲ့နှင့် တွေ့ဆုံခြင်းသည် ယခင်အဖွဲ့များထက် ပိုဆွေးနွေးနိုင်ကြောင်း သိရှိရသည်။
 
“ဝန်ကြီး ဦးအောင်မင်းနဲ့ ဆွေးနွေးတာ အဆင်ပြေတယ်။ အရင် ဦးအောင်သောင်းတို့က ဒါမဖြစ်နိုင်ဘူး။ လက်မှတ်မထိုးရင် မဖြစ်နိုင်ဘူး။ ဘူးပဲ ပြောနေတယ်။ ဦးအောင်မင်းက ဖြစ်အောင် လုပ်ရအောင်။ သူကိုယ်တိုင် သမ္မတကို တင်ပြမယ်လို့ ပြောတယ်” ဟု ဦးအင်ရှန်ဆန်အောင်က ဆက်ပြောသည်။
 
နှစ်ဖက်ညှိနှိုင်းမှုအဆင်ပြေသွားပါက  ငြိမ်းချမ်းရေးသဘောတူညီချက်လက်မှတ်အား ကေအိုင်အေ တပ်မဟာ(၃)ဋ္ဌာနရှိ ဗန်မော်ခရိုင်တွင် လက်မှတ်ရေးထိုးသွားကြမည်ဖြစ်သည်။
 
“စစ်က အဲ့ဒါက စတာလေ။ လက်မှတ်ထိုးရင်လည်း အဲ့ဒီမှာ ထိုးမယ်။ အဲ့ဒီမြို့မှပဲ အဆုံးသတ်မယ်ပေါ့။ ဒီတစ်ကြိမ်ဆွေးနွေးပွဲမှာတော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။” ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ဝင်များက ပြောသည်။
 
ပြီးခဲ့သည့် ဇွန်လ (၁) ရက်နေ့က မိုင်ဂျာယန်မြို့၌ ဒုဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကေအိုင်အိုအဖွဲ့က ကိုယ်စားလှယ် (၆) ဦးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ရထားပို့ဆောင်ရေး ဝန်ကြီးဦးအောင်မင်းနှင့် ဦးလှမောင်ရွှေ၊   ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်သန်းတို့ တွေ့ဆုံခဲ့ကြောင်းကိုလည်း သိရသည်။
 
ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့်အဖွဲ့နှင့် KIOက ပထမအကြိမ် မေလ (၂၁) ရက်နေ့တွင် ထိုင်းနိုင်ငံ ချင်းရိုင်မြို့တွင် အလွှတ်သဘောတွေ့ဆုံခဲ့ကြသေးသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။