Saturday, June 9, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ဒေသခံထိခိုက်နိုင်ခြေနှင့် ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်စေလို

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ဆောက်ရာတွင် ဒေသခံပြည်သူများအား ထိခိုက်နိုင်ခြေအနည်းဆုံးနှင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်လျင် ထောက်ခံမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ဆိုသည်။
 

ထားဝယ်ဒေသဖွံ့ဖြိုးအောင်လုပ်တာက အင်မတန်ကို အရေးကြီးပါတယ်။ ဖွံ့ဖြိုးအောင်လုပ်တိုင်း ကောင်းတယ်လို့ ကျွန်တော် မယူဆပါဘူး။ ဖွံ့ဖြိုးအောင်လည်း လုပ်တယ်၊ သဘာဝဝန်းကျင်ထိခိုက်မှုလည်း လျော့နည်းတယ်၊ လူတွေလည်း ဒုက္ခ မရောက်ဘူးဆိုရင် ထောက်ခံမှာပါ”ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင် ဦးအုန်းက ဇွန်လ(၇)ရက်နေ့   တော်ဝင်နှင်းဆီတွင်ပြုလုပ်သော ထားဝယ်စီမံကိန်းအပေါ် ဒေသခံများ နားလည်သဘောပေါက်မှု စစ်တမ်းထုတ်ပြန်ခြင်း အခမ်းအနားတွင် ပြောကြားသည်။
 
မည်သည့်စီမံကိန်းကိုလုပ်လုပ် သဘာဝပတ်ဝန်းကျင် ပျက်စီးကြောင်း သို့ရာတွင် ပျက်စီးမှုအပေါ်မူတည်၍ မည်ကဲ့သို့   ပြန်လည်ကောင်းမွန်အောင် လုပ်ရမည်ကို စဉ်းစားသင့်ကြောင်း အပျက်အစီးအနည်းဆုံးနှင့် ပျက်စီးသလောက်   ပြန်လည် ပြုပြင်ရန် တာဝန်ရှိကြောင်းကိုလည်း သိရှိရသည်။
 
မပျက်ဘူးဆိုတာတော့ မရှိဘူး။ ပျက်မှာပဲ များများ ပျက်မလား နည်းနည်းပျက်မလား အလယ်အလတ် ပျက်မလား၊ ပျက်သလောက်ကို ပြန်ပြီး ပြုပြင်ရမယ့် တာဝန်ရှိတယ်”ဟု ၄င်းက ဆက်ပြောသည်။
 
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဧရိယာသည် အကျယ်အ၀န်းအားဖြင့်မိုင်(၁၀၀)ခန့်ကျယ်ဝန်းပြီး လက်ရှိ ထိုင်းနိုင်ငံ၏ အကြီးဆုံးစက်မှုဇုန်ထက် ၁၀ ဆနီးပါးကျယ်ဝန်းကြောင်း ထိုစီမံကိန်းသည် ကျေးရွာ(၂၀)ကျော်နှင့် လူဦးရေ ၃ သောင်း   ကျော်ကို ပြောင်းရွေ့ပေးရသော စီမံကိန်းတစ်ခုဖြစ်ကြောင်း DDA( ထားဝယ်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) တာဝန်ခံညှိနှိုင်းရေး မှူး ဦးသန့်ဇင်က ပြောသည်။
 
“ကျွန်တော်တို့က ဖွံ့ဖြိုးမှုနဲ့ပတ်သတ်ရင် အင်မတန်လိုလိုလားလားကို တောင်းဆိုခဲ့ကြတာပါ။ အခုကတော့ ဖွံ့ဖြိုးမှုရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းရမယ့် လေးလေးနက်နက်စဉ်းစားရမယ့် ကာလတစ်ခု ရင်ဆိုင်နေရပါတယ်”ဟု (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောသည်။
 
အထူးသဖြင့် မြန်မာနိုင်ငံတွင် ပတ်ဝန်းကျင်ထိခိုက်မှုပြဿနာနှင့် လူမှုရေးပြဿနာများကိုဖြေရှင်းရန်တွင် ပြည်သူများ သာမကထိပ်ပိုင်းတာဝန်ရှိသူများပါ ဗဟုသုတနည်းပါးလျက်ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။
 
 “ကျွန်တော်တို့နိုင်ငံမှာ ပတ်ဝန်းကျင်ထိခိုက်မှုရဲ့ပြဿနာ လူမှုရေးပြဿနာတွေကို တာဝန်ရှိ ပြည်သူတွေ မဆိုထားနဲ့ ထိပ်ပိုင်းတာဝန်ရှိတဲ့သူတွေ ကြားထဲမှာပါ ဗဟုသုတနည်းပါးခဲ့ကြပါတယ်၊ ဒါဟာကျွန်တော်တို့ အရှိအတိုင်းပဲ ၀န်ခံရမယ့် ကိစ္စပါ”ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။
 
ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ထိုင်းနိုင်ငံအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်း   ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် မြန်မာအစိုးရနှင့် MOU စာချုပ်စတင်ချုပ်ဆိုကာ   ၂၀၁၀ ခုနှစ် နိုဝင်ဘာလ(၂) ရက်နေ့တွင် အီတာလျံထိုင်းကုမ္ပဏီနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့ နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။