Saturday, June 2, 2012

မန္တလေးကျောက်မျက်ဈေးတွင် တစ်နှစ်စာဝင်ကြေးအား ရပ်ဆိုင်း

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများနှင့်ပြည်သူ၏ပူးပေါင်းပါဝင်မှုအကျိုးရလာဒ်ကြောင့် မန္တလေး ကျောက်မျက်ဈေးတွင် တစ်နှစ်စာဝင်ကြေးကောက်ခံမည့်အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

 အဆိုပါအစီအစဉ်အား ရုတ်သိမ်းပေးရန်တောင်းဆိုမှုတွင် ပါဝင်သူတစ်ဦးဖြစ်သူ ကိုသိန်းအောင်မြင့်က ယခုလို ပြောကြားခြင်းဖြစ်သည်။


`` မန္တလေးမြို့တော်စည်ပင်က ကော်မတီဝင်တစ်ဖြစ်တဲ့ ဦးမြင့်သိန်းက ဒီနေ့ညနေ ငါးနာရီမှာ ဈေးရုံးမှာ အားလုံးကို ခေါ်တွေ့ပြီး ဒီအစီအစဉ်ကို ရုတ်သိမ်းပေးပါတယ်ဆိုပြီး ခေါ်ပြောတယ် ၊ ဆက်လုပ်ဖို့လဲ အစီအစဉ် မရှိတော့ဘူးလို့ သိရတယ် ´´ ဟု ၎င်းက ပြောသည်။


ယခုလိုအသိအမှတ်ပြုပြီး ရပ်ဆိုင်းပေးသည့်အတွက် ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ကျေးဇူးတင် ကြောင်းနှင့် ၎င်းတို့တောင်းဆိုမှုပြုလုပ်စဉ်ကလည်း မည်သည့်အဖွဲ့အစည်းပုဂ္ဂိုလ်ကိုမျှမပုတ်ခတ်ပဲ ငြိမ်းချမ်းစွာပင်တောင်းဆိုခဲ့ကြောင်း ကိုသိန်းအောင်မြင့်က ပြောပြသည်။


မန္တလေးကျောက်မျက်ဈေးတွင် တစ်နှစ်စာလူဝင်ခွင့်ကောက်ခံခြင်းကို မနှစ်သက်သောဈေးသူဈေးသား များက ၎င်းတို့အား အခြားဈေးသူဈေးသားများအတိုင်းပင် တန်းတူသတ်မှတ်စေလိုကြောင်းကိုလည်း သိရသည်။



‘’ဒီဟာက ဈေးဖြစ်တယ် ၊ ဈေးဖြစ်တဲ့အတွက် လူဝင်ခွင့်ကောက်တယ်ဆိုတာ ဘယ်မှာမှမကြားဖူးဘူး ၊ ဒါပေမဲ့ အများဆန္ဒကိုခုလို လိုက်လျောပြီး ၀င်ခွင့်ကောက်မယ့်ကိစ္စကို ရပ်ဆိုင်းလိုက်တဲ့အတွက် ကျေးဇူးတင်တယ်’’ ဟု ကျောက်စိမ်း အရောင်းအ၀ယ်ပြုလုပ်သူကို ကျင်တိတ်က မြစ်မခ၏ဆက်သွယ်မေးမြန်းမှုအားဖြေကြားသွားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။