Saturday, June 2, 2012

ရှေ့နေများကွန်ယက်မှ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲ ကျင်းပ၊ ၈၈ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ် ဖြင့်ဆွေးနွေးခဲ့


DSC_0235
ရှေ့နေများကွန်ယက်၏ ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲ မြင်ကွင်း
ရှေ့နေများကွန်ယက်၏ လက်ရှိဖြစ်ပေါ်နေသော ဥပဒေရေးရာကိစ္စရပ်များအပေါ် တင်ပြရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ ၁ ရက်နေ့ ညနေက ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အဆိုပါအခမ်းအနားသို့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးနှင့် ၀ါရင့်ရှေ့နေကြီးများတက်ရောက်ခဲ့ ကြပါသည်။

ဆွေးနွေးပွဲတွင် ရှေ့နေများမှ တံဆိပ်ခေါင်းခွန်နှင့် ရုံးခွန်နှုန်းထားများအား အဆ ၁၀၀ ကျော်အထိ တိုးမြှင့်ခဲ့ခြင်းအပေါ် ဆွေးနွေးခြင်း နှင့် မြန်မာနိုင်ငံရှေ့နေများကောင်စီကို လွတ်လပ်စွာဖွဲ့စည်းခွင့်ရရန် နှင့် ရှေ့နေများရုံးအား ပြန်လည်အသုံးပြုခွင့်ရရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးမှ နိုင်ငံတော်၊ နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေးခေါင်းစဉ်များဖြင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

၁၉၀၇ခုနှစ် ကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် ပတ်သက်၍ "ဤဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့သော အစိုးရသည် ဗြိတိသျှကိုလိုနီနယ်ချဲ့အစိုးရဖြစ်ပြီး သက်တမ်းအားဖြင့် ၁၀၅ နှစ်ရှိခဲ့ပြီ  ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် နိုင်ငံကူးလက်မှတ်ဖြင့် ထွက်ခွာသည့်အခါ ပြည်ပနိုင်ငံများတွင် ဧည့်စာရင်း တိုင်ကြားရခြင်းမရှိဘဲ မိမိနိုင်ငံအတွင်း ခရီးသွားလည်ပတ်သည့်အခါ ဧည့်စာရင်းတိုင် ကြားရမည်ဆိုသည့် အချက်ကို နှိုင်းယှဉ်သုံးသပ်ရန် လိုအပ်ကြောင်း၊ နိုင်ငံသားအားလုံး သန်းပေါင်း ၆၀ ခန့်သည် ပြစ်မှုကျူးလွန်နိုင်ဖွယ်ရှိသည့် သံသယဖြင့် စောင့်ကြည့်ခံရသူများ (Suspected) အဖြစ် သတ်မှတ်ခံရ သည့် သဘောဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီးက ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ပါသည်။

မူရင်းကျေးရွာနှင့် မြို့ပြအက်ဥပဒေပါ မြို့ပြအက်ဥပဒေပုဒ်မ (၄) တွင် "ဤ ဥပဒေအာဏာ သက်ရောက်ရမည့်မြို့များကို နိုင်ငံတော်သမ္မတမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်၍ သတ်မှတ်နိုင်သည်" ဟုပြဋ္ဌာန်းထားကြောင်း၊  ဧည့်စာရင်း တိုင်ကြားရခြင်းဥပဒေသည် နိုင်ငံသားအားလုံးအား သံသယဖြစ်ဖွယ်၊ မယုံကြည်ရသည့်သူများ (Suspected)) အဖြစ် ဂုဏ်သိက္ခာထိပါးစေပြီး ဥပဒေချိုးဖောက်သူများအဖြစ် တွန်းပို့နေသည်ကို ၀မ်းနည်းဖွယ်တွေ့ရှိရကြောင်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးကိုကိုကြီးက အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှုအက်ဥပဒေကို ပြဋ္ဌာန်းသည်ကာလသည် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရ ပြီးစ ရောင်စုံလက်နက် ကိုင်ပုန်ကန်မှုများကြောင့် ရန်ကုန်အစိုးရဟူ၍ပင် ခေါ်ဝေါ်သမုတ်ခံရသည့် ကာလ(အရေးပေါ် အခြေအနေဖြစ်ပေါ်နေသည့် ကာလ)ဖြစ်ကြောင်း၊ အမှန်စင်စစ် ဤဥပဒေပါပြဋ္ဌာန်းချက်များသည် သာမန်အခြေအနေ(တရားဥပဒေစိုးမိုးနေသည့် အခြေအနေ)တွင် ပြစ်မှုဆိုင်ရာ ဥပဒေများဖြင့် အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုများပင်ဖြစ်ကြောင်း၊ သို့သော် ယင်းကာလက တည်ဆဲအစိုးရအနေဖြင့် တရားဥပဒေဆိုင်ရာ ပုံမှန်လုပ်ထုံးလုပ်နည်းများကို အချိန်ယူ ကျင့်သုံးနိုင်သည့် အခြေအနေမရှိခြင်းကြောင့် အရေးပေါ်စီမံမှုအက်ဥပဒေကို အရေးတကြီး ပြဋ္ဌာန်းကျင့်သုံးရခြင်းဖြစ်ကြောင်း နိုင်ငံတော် တစ်ဝန်းလုံးသည် အရေးပေါ်အခြေအနေအောက်တွင် တည်နေသည်၊ ပုံမှန်အခြေအနေပျက်ပြားနေသည်ဟု ဆိုလိုကြောင်း ၄င်းကဆက် လက် ပြောကြားခဲ့ပါသည်။

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် ယင်းဥပဒေကို ဖျက်သိမ်းခြင်း ၊ဆိုင်းငံ့ခြင်းမရှိဘဲ အစဉ်တစ်စိုက် ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ခဲ့ပြီဖြစ်ကြောင်း ၊ တိုးတက်လာသည်မှာ မူရင်းဥပဒေအရ အမြင့်ဆုံး ပြစ်ဒဏ် ခုနစ်နှစ်အစား ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အနှစ်နှစ် ဆယ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် တိုးမြှင့်ပြဋ္ဌာန်းခြင်းပင်ဖြစ်ကြောင်း နိုင်ငံတကာ မိသားစုများအလယ်တွင် မြန်မာနိုင်ငံတော်သည် ပုံမှန် အခြေအနေမရှိသည့်နိုင်ငံ၊ အရေးပေါ် အခြေအနေပြဋ္ဌာန်းထားရသည့် နိုင်ငံအဖြစ် နိုင်ငံတော်၏ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသော ဥပဒေဖြစ်ကြောင်း ဦးကိုကိုကြီးကဆိုပါသည်။

ထို့ပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း၊ အခန်း ၁၂၊ ပုဒ်မ ၄၃၆၊ အပိုဒ်ခွဲ(က)တွင် ပြည်ထောင်စုလွှတ်တော် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ ၁၉၇၄ အခြေခံဥပဒေတွင် ရွေးကောက်ခံကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်ဟု ပြဋ္ဌာန်းထားပြီး ယခုဖွဲ့စည်းပုံ အခြေခံဥပဒေပါ ၇၅ ရာခိုင်နှုန်းဆိုသည်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၁၀၀  ရာ ခိုင်နှုန်း(ရာနှုန်းပြည့်) က ပြင်ဆင်လိုသည့်တိုင် ပြင်ဆင်ခွင့်မရှိဟု အဓိပ္ပာယ်သက်ရောက်ကြောင်း နိုင်ငံသားမဲဆန္ဒရှင်များ၏ ဆန္ဒ၊ ဂုဏ်သိက္ခာကို ထိပါးညှိုးနွမ်းစေသည့် သဘောကို ဆောင်နေကြောင်းလည်း ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ၄င်း၏စာတမ်းတွင်  ထည့်သွင်းဖတ်ကြားခဲ့ပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။