Saturday, June 2, 2012

ဦးဝင်းချို တစ်ကိုယ်တော်ဆန္ဒပြ

ဦးဝင်းချို တစ်ကိုယ်တော်ဆန္ဒပြ
2012-05-31
လှိုင်သာယာမြို့နယ်၊ အနော်ရထာစက်မှုဇုန် စီမံကိန်းအတွက် ကန်ထရိုက်တွေ ရယူထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး လယ်သမားတွေကိုယ်စား လယ်သမား အရေးဆောင်ရွက်နေတဲ့ ဦးဝင်းချိုဟာ ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ မြိုရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနရှေ့မှာ ဒီနေ့ မနက်ပိုင်းကနေ မွန်းလွဲပိုင်း အထိ တောင်းဆို ဆန္ဒပြပါတယ်။
RFA

ရန်ကုန်တိုင်းဒေသကြီး နယ်မြေ ၄ ခုက လယ်ယာမြေ အသိမ်းခံခဲ့ရသည့် တောင်သူ လယ်သမားများ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးရှေ့တွင် ဖြေရှင်းပေးဖို့ တောင်းဆိုနေစဉ်။
၁၉၉၇-၉၈ ခုနှစ်ကတည်းက လယ်ယာမြေ သိမ်းဆည်းခံရတဲ့ လယ်သမား ၆၁ ဦး ကိုယ်စား ဆန္ဒပြတာလို့ ဦးဝင်းချိုက ပြောပါတယ်။
“ အနော်ရထာ စက်မှုဇုန် စီမံကိန်းတုန်းက မြေတွေအသိမ်းခံထားရတဲ့ လယ်သမား ၆၁ ယောက်၊ သူတို့ရဲ့ လယ်ဧက ၆၀၀ ကျော် အသိမ်းခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ကိုယ်စားလှယ်လွှဲပါတယ်။ ဌာနဆိုင်ရာတွေမှာ တွေ့ဆုံ ဆက်သွယ်အကူအညီ တောင်းဖို့အတွက် ကျွန်တော့်ကို ကိုယ်စားလှယ်လွှဲထားပါတယ်။ အဲဒီအတွက် သူတို့အားလုံးကိုယ်စား ကျွန်တော်ဆန္ဒပြတာပါ”
Town Ace pickup တောင်းအေ့စ်ပစ်ကပ် ကား ခြောက်စီးနဲ့ လယ်သမား တစ်ရာကျော် ပါလာပေမဲ့ သူတို့ကို ကားပေါ်က မဆင်းခိုင်းဘဲ လယ်သမားတွေ ကိုယ်စား တကိုယ်တော် ဆန္ဒပြခဲ့တာလို့ ဦးဝင်းချိုက ပြောပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက်ကတည်းက သိမ်းထားတဲ့ လယ်မြေတွေမှာ သတ်မှတ်ထားတဲ့ ကာလအတွင်း အဆောက်အဦး မဆောက်ရင် ပြန်သိမ်းမယ်လို့ သဘောတူညီချက် ထားရှိခဲ့ပြီး ဒီသဘောတူညီချက်ကို ဖောက်ဖျက်တဲ့လူတွေကို အရေးမယူတဲ့အတွက် ကန့်ကွက်ဆန္ဒပြရတာလို့ ဦးဝင်းချိုက ပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။