Monday, March 11, 2013

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု ၉၅ ရာခိုင်နှုန်းခန့် ပြီးစီး၊ လာမည့် ဧပြီ ၁၀ ရက်မှစ၍ ယာဉ်များ သွားလာခွင့်ပြုမည်ဟု သိရ


general-6-march11

လှည်းတန်ခုံးကျော်တံတား ဆောက်လုပ်မှုအား တွေ့ရစဉ်

လှည်းတန်းခုံးကျော်တံတား တည်ဆောက်မှု လုပ်ငန်းများ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်၍ လာမည့် ဧပြီ ၁၀ ရက်နေ့မှစ၍ ယာဉ်များ ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

"ဧပြီ ၁၀ ရက်နေ့ကစပြီး ယာဉ်တွေ ဖြတ်သန်းခွင့် စပြုမယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့ နောက်မှလုပ်မယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

လှည်းတန်းခုံးကျော်တံတားကို ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကစ၍ ပန္နက်တင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးသတ်ရန် သက်ဆိုင်ရာမှ ညွှန်ကြားခဲ့သည်။

အဆိုပါ တံတားကို တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီကလည်း ၂၀၁၃ ခုနှစ် ဧပြီလတွင် အပြီးသတ်နိုင်မည်ဟု ထုတ်ပြန်ထားသည်။

လှည်းတန်းခုံးကျော်တံတားသည် တန် ၆၀ အထိ ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီး လေးလမ်းသွားဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန်အတွက် ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံများဖြစ်သည့် လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်လမ်းဆုံတို့တွင် ခုံးကျော်တံတားများအား လေးလအတွင်းအပြီး ဆောက်လုပ်သွားမည်ဟု ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ကုန်ပိုင်းကတည်းက ထုတ်ပြန်ခဲ့သော်လည်း ဦးဆုံးတည်ဆောက်မှုအဖြစ် လှည်းတန်းခုံးကျော်တံတားကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ စတင်နိုင်ခဲ့သည်။

ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားနေသော ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံးကျော်တံတားများကိုလည်း လာမည့် ဒီဇင်ဘာလတွင် အပြီးသတ်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ညွှန်ကြားထားသည်။

လှည်းတန်းခုံးကျော်တံတားအား ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားအား Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားအား FMI ကုမ္ပဏီတို့မှ တာဝန်ယူ တည်ဆောက်နေခြင်း ဖြစ်သည်။

 

လှည်းတန်းခုံးကျော်တံတားနှင့် သက်ဆိုင်သည့် အချက်အလက်များ

တံတားအမျိုးအစား သံမဏိယက်မနှင့် သံကူကွန်ကရစ်
တံတားအရှည်(လျာထား) - ၂၅၀၇ ပေ
တံတားတွင်ပါဝင်မည့် လမ်း - ၄ လမ်းသွား
တံတားအကျယ် - ၅၀ ပေ ၈ လက်မ
တံတားအောက်ကင်းလွတ်အမြင့် - ၁၈ ပေ
ယာဉ်တစ်စီးချင်းခွင့်ပြုတန်ချိန် - တန် ၆၀
တံတား၏ လူသွားလမ်းအကျယ် - တစ်ဖက် ၃ ပေ

 

မြန်မာ-အိန္ဒိယ ရေတပ်ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

နှစ်နိုင်ငံ စစ်ရေးဆက်ဆံမှု တိုးမြှင့်သည့် အနေဖြင့် မြန်မာနှင့် အိန္ဒိယတို့၏ ရေတပ်စစ်ရေး လေ့ကျင့်မှုနှင့် ဘင်္ဂလား ပင်လယ်အော်အတွင်း ကင်းလှည့်ရေး အစီအစဉ်များကို ပြုလုပ်သွားမည် ဖြစ်ကြောင်း အိန္ဒိယ ကာကွယ်ရေး ၀န်ကြီးဌာနမှ အရာရှိများကပြောကြားလိုက်သည်။

မြန်မာရေတပ်မှ ဖရီးဂိတ် စစ်သင်္ဘောတစ်စီးနှင့် ကြားဖြတ်ဟန့်တားရေး ရေယာဉ်တစ်စီးတို့သည် မတ်လ ၁၀ ရက်နေ့မှ စတင်၍ အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ၀ိသာခပတမ် ရေတပ်ဌာနချုပ်သို့ လာရောမည်ဖြစ်ပြီး စစ်ရေးလေ့ကျင့်မှုများကို လာမည့်ရက် အနည်းငယ်အတွင်း ပြုလုပ်သွားမည်ဖြစ်ကြာင်း သိရသည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး အေကေအန်တိုနီ ဇန်န၀ါရီလအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ် အပြီးတွင် နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် အဆိုပါ စစ်ရေးလေ့ကျင့်မှု အပါအ၀င် နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် မြန်မာစစ်တပ်အတွက် လေ့ကျင့်ပေးမှုများ ပြုလုပ်ပေးရန သဘောတူခဲ့သည်။

Ref:Times of India

အဓမ္မကျင့်ခံရပြီး ခိုးမှုနှင့်ပြန်လည် တရားစွဲခံရသူ မိန်းကလေးကို အာမခံဖြင့် ပြန်လွှတ်ပေးပြီ

ခြိမ်းခြောက်၍ အဓမ္မပြုကျင့် ခံရသည့်အပြင် ခိုးမှုဖြင့် ပြန်လည် တရားစွဲခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးသည် ရန်ကုန် နတ်မောက်လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းမှ အာမခံဖြင့် ယမန်နေ့က ပြန်လည် လွတ်မြောက် လာပြီဖြစ်သည်။

(ပ) နံပါတ် ၁၀၄၊ ၁၃ ပုဒ်မ ၃၈၁ ဖြင့် တရားစွဲဆိုခံထားရသူ မိန်းကလေးအား မြောက်ဥက္ကလာပ မြို့နယ် တရားရုံးသို့ ယမန်နေ့နေ့လယ် ၁၁ နာရီခွဲကျော်တွင် နတ်မောက်လမ်း ကျောင်းမှ ခေါ်ယူလာပြီး အာမခံ နှစ်ဦးဖြင့် သွားရောက် ထုတ်ခဲ့ကြောင်း၊ မိန်းကလေး တရားရုံးသို့ မလာမီ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သေးသည်ဟု သိရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလေးသူငယ် ကူညီ စောင့်ရှောက်ရေးအဖွဲ့ မှ ဒေါ်လေးလေးက ဧရာဝတီသို့ ပြောသည်။

"ဒီနေ့တော့ အာမခံ နှစ်ဦးနဲ့ အတူ မြေဂရမ်တွေပါ ပြပြီး ထုတ်ခဲ့တယ်။ မြေဂရမ်ကတော့ နှစ်ယောက်ပေါင်း သိန်း ၅၀ လောက်ရှိပါတယ်။ ကျမကတော့ သူ့ကို အာမခံနဲ့ ထုတ်ပေးပြီးတော့ ကလေးကို လုံခြုံတဲ့နေရာမှာ ထားသွားမှာပါ" ဟု ဒေါ်လေးလေးက ဆိုသည်။

အမျိုးသမီးလည်းဖြစ်၊ အသက် ၁၆ နှစ်အောက်လည်း ဖြစ်၍ ပြစ်မှု ကျင့်ထုံး (ပ) ၄၉၇ အရ ရုံးမှ အာမခံပေးနိုင်ကြောင်း၊ မိန်းကလေးတိုင်း လျှောက်ခွင့်ရှိကြောင်း၊ မိန်းကလေး ဖြစ်သည့်အတွက် အာမခံ နှစ်ဦးမရှိပါက ကိုယ်ပိုင် ခံဝန်နှင့်လည်း ရကြောင်း၊ အာမခံသည့်အခါ ကျပ် ၁၀ သိန်းနှင့် တန်းတူညီ ပစ္စည်းများကို တင်ပြရမည်ဖြစ်ကြောင်း အဆိုပါ မိန်းကလေး ကိစ္စကို လိုက်ပါကူညီ ဆောင်ရွက်ပေးနေသည့် ရှေ့နေများ ကွန်ရက်မှ ရှေ့နေ တဦးက ဧရာဝတီသို့ ရှင်းပြသည်။

"သမီးကို လွန်ခဲ့တဲ့ သုံးရက်မှာ ရဲတွေက "အန်တီ သမီး တောင်းပန်ပါတယ်" ဆိုတဲ့ စာရေးခိုင်းတယ်၊ လက်မှတ်ထိုးခိုင်းတယ်။ သမီးကတော့ မရေးတက်ဘူး၊ မထိုးတက်ဘူး" ဟု ခိုးယူမှုဖြင့် ပြန်လည် တရားစွဲဆို ခံနေရသည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးက ဧရာဝတီသို့ ပြောသည်။

နတ်မောက် အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းတွင် နေ့စဉ် ငါးခြောက်ကြော်နှင့် ပဲဟင်းကိုသာ စားသောက် ရပြီး မနက် ၉ နာရီ မှ ညနေ ၄ နာရီအထိ ကော်ချောင်းခြစ်သည့် အလုပ်ကိုလုပ်ရကြောင်း၊ အရွယ် မရောက်သေးသည့်
ကလေးသူငယ် အယောက် ၅၀ ခန့် ရှိရာ ရေအိမ် ၂ လုံးသာ ထားကြောင်း၊ ရေကို လုံလောက်စွာ မသုံးစွဲရကြောင်း ၎င်းက ဆိုသည်။

အရွယ်မရောက်သေးသည့် မိန်းကလေးကို အဓမ္မပြုကျင့်မှုဖြင့် ချုပ်နှောင် ခံထားရသူ စားသောက်ဆိုင်ပိုင်ရှင် ဦးမြင့်အောင်၏ ဇနီးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အဆိုပါ မိန်းကလေးသည် ကျပ် ၃ သိန်းတန် လက်ပတ်နာရီနှင့် ပိုက်ဆံ ကျပ် ၂ သောင်း ခိုးယူခဲ့သည်ဟု ရန်ကုန် မြောက်ဥက္ကလာပ ရဲစခန်းသို့ တိုင်ကြားခဲ့သောကြောင့် မိန်းကလေးကို ရန်ကုန် နတ်မောက် လမ်းရှိ အမျိုးသမီး ကလေးသူငယ် စောင့်ရှောက်ရေး ကျောင်းသို့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပို့လိုက်ခြင်း ဖြစ်သည်။

"ကျနော် အာမခံပေးရတဲ့ အကြောင်းရင်းက အသက်လည်း ငယ်တယ်၊ ပြီးတော့ အချုပ်ထဲမှာလည်း နေရတယ်။ ငွေ ၂ သောင်းကျပ်၊ နာရီတလုံးနဲ့တော့ အချုပ်ထဲမှာ နေရတာ မတန်ဘူး" ဟု အာမခံပေးသည့် ဦးမင်းမင်းအောင်က
ဧရာဝတီသို့ ပြောသည်။

အဆိုပါ ကလေးငယ်အား အာမခံ ပေးရန်အတွက် ရပ်ကွက်ရုံးတွင် ထောက်ခံစာ ပြုလုပ်နေသည့်အချိန်တွင် ရဲများသည် နောက်မှ တကောက်ကောက် လိုက်လာကြောင်း၊ တခြားသူများကို မိန်းကလေးအား အာမခံမပေးရန် တားမြစ်မှုများလည်း ရှိကြောင်း ဦးမင်းမင်းအောင်က ဆိုသည်။

"ကျမကတော့ လုံးဝမကျေနပ်ဘူး။ အဲဒီ သူဌေးတွေက ပိုက်ဆံရှိပြီး လုပ်ချင်တိုင်းလုပ်နေကြတာ။ ကျမကတော့ ပြီးတဲ့အထိ လုပ်ဆောင်သွားမယ်။ ကျမရဲ့သမီးကို အာမခံနဲ့ ပြန်လွှတ်ပေးတဲ့အတွက် ပျော်တယ်" ဟု မိန်းကလေး၏ မိခင်က ဧရာဝတီသို့ ပြောသည်။

ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးမှ ၁၉၈၉ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးချုပ်ဆို ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ၁၉၉၉ ခုနှစ် ကျမှသာလျှင် လက်မှတ် ရေးထိုးခဲ့ကြောင်း၊ စာချုပ်တွင် အချက်ပေါင်း ၅၄ ချက် ပါဝင်ပြီး အချက် ၄၀ အထိ ကလေး အခွင့်အရေးကို ဖော်ပြထားကာ၊ ကျန် ၁၄ ချက်သည် အစိုးရများ ဘက်မှ အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အပိုင်းကို ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း သိရသည်။

ကလေးသူငယ်၏ အသက် အပိုင်းအခြားကို နိုင်ငံတကာတွင် ၁၈ နှစ်အရွယ်အထိ သက်မှတ်ထားပြီး မြန်မာနိုင်ငံတွင်မူ အသက် ၁၆ နှစ်အထိသာ ကလေးအဖြစ် သတ်မှတ်၍ အသက် ၁၆ နှစ်မှ ၁၈ နှစ်ကို လူငယ်ဟု သတ်မှတ်ထားသည်။

Sunday, March 10, 2013

ဆလွန်းကားတစ်စီး ရှေ့ဘီးကျွတ်ထွက်ကာ ကန်တော်ကြီးဥယျာဉ် ခြံစည်းရိုးကို ၀င်တိုက်သည့်အပြင် သစ်ပင်ကိုပါ ထပ်မံတိုက်မိ



w1-9-3-6
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်အနီးတွင် ဆလွန်ကားတစ်စီး အရှိန်လွန်ကာ ရှေ့ဘီးကျွတ်ပြီး ကန်တော်ကြီး ဥယျာဉ်ခြံစည်းရိုးကို ၀င်တိုက်ခဲ့သည့်အပြင် သစ်ပင်ကိုပါ ထပ်မံဝင် တိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ရာသီအကူးအပြောင်း အပူရှိန်မြင့်မားမှုကြောင့် ငါးများတွင် ကပ်ပါးရောဂါပိုးများ ရှိနေပြီး လက်ရှိတွင် ငါးသေဆုံးမှုများ ဖြစ်ပွားလျက်ရှိ


ဆောင်းရာသီမှ နွေရာသီသို့ အကူးအပြောင်းတွင် အပူရှိန်မြင့်မားနေသောကြောင့် ငါးများတွင် ကပ်ပါးရောဂါပိုးများနှင့် ဘက်တီးရီးယားပိုးများ ကျရောက်နေပြီး လက်ရှိတွင် ငါးသေဆုံးမှုများ ဖြစ်ပွားလျက်ရှိကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။
ထိုသို့ ငါးများသေဆုံးမှု အများဆုံးဖြစ်ပွားရခြင်းမှာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများသည် ငါးများ၏ ပါးဟက်၊ အစာလမ်းကြောင်၊ ခန္ဓာကိုယ်နှင့် ငါးမွေးကန်ထဲရှိ ရေများတွင် ယင်းရောဂါပိုးများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရသည်။
ထို့ပြင် ငါးများတွင် အနာများ ရှိနေသည်ကို တွေ့ရပြီး ငါး၏အမြီးအရင်းတွင်ရှိသော အကြေးခွံများပွနေကာ အနာများဖြစ်နေကြောင်း အထွေထွေ အတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ငါးမွေးကန်ထဲတွင်ရှိသော ငါးများနှင့် ရေတို့ကို ငါးရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတွင် စမ်းသပ်စစ်ဆေးကြည့်ရာ ကပ်ပါးပိုးနှင့် ဘက်တီးရီးယားပိုးများကို တွေ့ရှိရ  .  .  .
သုတေသန ပြုချက်များအရ ငါးများကို သေစေနိုင်သည့် ကပ်ပါးပိုးသည် ယခုလို ရာသီဥတုအပြောင်းအလဲ၊ အကူးအပြောင်းအချိန်တွင် ငါးကန်များထဲတွင် အလုံးအရင်း ပေါက်ဖွားလေ့ရှိကြောင်း၊ အထူးသဖြင့် မိုးရာသီမှ ဆောင်းရာသီသို့ ပြောင်းသည့်အချိန်၊ ဆောင်းရာသီမှ နွေရာသီသို့ ပြောင်းသည့်အချိန်များတွင် ကပ်ပါးပိုးများ ကျရောက်ကာ ငါးများ သေဆုံးလေ့ရှိကြောင်း သိရသည်။

ဧရာဝတီမြစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေ



3.10.5
မန္တလေးတိုင်းဒေသကြီး ဧရာဝတီမြစ်အတွင်းကျက်စားနေသည့် ဧရာဝတီလင်းပိုင်အချို့ကို တွေ့ရစဉ်
ဧရာဝတီမြစ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် ဧရာဝတီလင်းပိုင်များ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ချစ်ကြည်ရေးခရီး သွားမည်


၂၀၁၃ ခုနှစ် အတွင်း ဒုတိယမြောက် ပြည်ပခရီးစဉ်အဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်၊ ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်နှင့် နိုင်ငံပိုင် သတင်းစာများတွင် မတ် ၁၀ ရက်က ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်သည် ယခုခရီးစဉ်ကို နယူးဇီလန် ၀န်ကြီးချုပ် မစ္စတာဂျွန်ကီးနှင့် သြစတြေးလျ ဘုရင်ခံချုပ် မစ္စကွင်တင်း ဘရိုက်စ်တို့၏ ဖိတ်ကြားချက်အရ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ခြင်း ဖြစ်သည်။
သမ္မတ၏ ပြည်ပခရီးစဉ် သွားရောက်မည့် ရက်အတိအကျကို ဖော်ပြထားခြင်း မရှိဘဲ မကြာမီ ကာလအတွင်း သွားရောက်မည်ဟုသာ ဖော်ပြထားသည်။

လိဂ်ပွဲ ၁၇ပွဲဆက် ဂိုးသွင်းပြီး မက်ဆီ ကမ္ဘာ့စံချိန်တင်ခဲ့


ယမန်နေ့ညက ယှဉ်ပြိုင်ခဲ့သော ဒီပို့တီဗိုနှင့်ပွဲစဉ်တွင် ဘာစီလိုနာအတွက်
အနိုင်သေချာစေမည့်ဂိုး သွင်းယူပေးနိုင်ခဲ့သည့် မက်ဆီမှာ ကမ္ဘာ့ဘောလုံးလောကတွင် လိဂ်ပြိုင်ပွဲ ၁၇ပွဲဆက် ဂိုးသွင်းနိုင်သူ အဖြစ် စံချိန်တင်နိုင်ခဲ့သည်။ ၁၉၃၇-၃၈ ဘောလုံးရာသီတွင် ပီတာရက်ခ်မှာ ပိုလန်ပထမတန်းပြိုင်ပွဲ တွင် ၁၆ပွဲဆက် ဂိုးသွင်းယူနိုင်ခဲ့ပြီး စံချိန်တင်ခဲ့ရာ ယခုအခါတွင် အဆိုပါစံချိန်ကို မက်ဆီက ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို ဘာကာတွင် ကစားခဲ့စဉ်က ၁၀ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သော စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည့် မက်ဆီမှာ ဒီပို့တီဗိုကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် ၁ဂိုးသွင်းနိုင်ခဲ့ခြင်းကြောင့် ယခုရာသီတွင် လာလီဂါသွင်းဂိုး ၄၀ထိ ရှိလာခဲ့ပြီး ဥရောပရွှေဖိနပ်ဆု ထပ်မံဆွတ်ခူးဖွယ် ရှိနေသည်။ ထို့အပြင် မက်ဆီမှာ လာလီဂါတွင် ဂိုး ၂၀၀ပြည့် သွင်းယူနိုင်ခဲ့သည့် အသက်အငယ်ဆုံး ကစားသမားအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည်။

လီဗာပူးနှင့်ပွဲတွင် ပုံစံကောင်း ဆက်ထိန်းနိုင်ရန် အီကော်တို မျှော်လင့်


စပါးနောက်ခံလူ အီကော်တိုက လီဗာပူးနှင့်ပွဲစဉ်တွင် အသင်း၏ပုံစံကောင်းကို ဆက်လက်ထိန်း ထားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ စပါးမှာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ပွဲ ဆက် ရှုံးပွဲမရှိခဲ့သည့်အပြင် အင်တာမီလန်နှင့် ယှဉ်ပြိုင်ခဲ့သော ယူရိုပါလိဂ်ပွဲစဉ်တွင်လည်း ၃ဂိုးပြတ် အနိုင်ရရှိခဲ့သည်။
ထို့ကြောင့် အန်ဖီးလ်တွင် ယှဉ်ပြိုင်ရမည့်ပွဲကို ယုံကြည်မှုအပြည့်ဖြင့် ကစားနိုင်မည်ဖြစ်ကာ အနိုင်ရ ခဲ့ပါက အသင်း၏ယုံကြည်မှု ပိုမိုကောင်းမွန်လာလိမ့်မည်ဟု အီကော်တိုက ဆိုခဲ့သည်။ သို့သော် လီဗာပူးမှာ ဥရောပ၀င်ခွင့်ရရှိရန် အားထုတ်နေပြီး ၎င်းတို့၏လက်ရှိခြေစွမ်းကြောင့် နှစ်သင်းစလုံး အတွက် ခက်ခဲသောပွဲစဉ်ဖြစ်သည်ဟု ၎င်းက သုံးသပ်ခဲ့သည်။
စပါးမှာ ပထမအကျော့တွင် လီဗာပူးအား (၂-၁)ဂိုးဖြင့် အနိုင်ရရခဲ့ပြီး လက်ရှိအချိန်တွင် အမှတ်ပေးဇယား အဆင့် ၃နေရာတွင် ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရန် အခြေအနေကောင်းများ ပိုင်ဆိုင်ထားသည်။ " လီဗာပူးနဲ့ အန်ဖီးလ်ကွင်းမှာ ကစားရတာ ခက်ခဲပြီး သူတို့တွေရဲ့ ဥရောပမျှော်လင့်ချက်ကြောင့် ပိုအခက်တွေ့စေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ဒီပွဲကို အနိုင်ကစားပြီး အသင်းရဲ့ပုံစံကောင်းကို ဆက်ထိန်းထားနိုင်မယ်လို့ ယုံကြည်ပါတယ်"ဟု အီကော်တိုက ဖွင့်ဟသွားခဲ့သည်။

ဝိုင်းမော်မြို့နယ် မုန်ဂါဇွပ် ဒုက္ခသည်စခန်း ရေမလုံလောက်


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အတွင်းရှိ တရုတ်မြန်မာနယ်စပ် မုန်ဂါဇွပ် (Mungga Zup) ဒုက္ခသည် စခန်းတွင် ရေလှောင်ကန်နှင့် ရေပိုက်များ အခက်ခဲဖြစ်နေသောကြောင့် ရေသုံးစွဲမှု မလုံမလောက်ဖြစ်နေကြောင်း သိရသည်။
၎င်းစခန်းတွင် အိမ်သာရေမှအစ အခက်အခဲနှင့် ရင်ဆိုင်နေရခြင်းကြောင့် ဒုက္ခသည်များ၏ တကိုယ်ရည် သန့်ရှင်းမှု အားနည်းလာကာ ရောဂါလက္ခာ အမျိုးမျိုးဖြစ်ပွားလာမည်ကို  ကျန်းမာရေး ဌာနမှစိုးရိမ်နေကြောင်း ဒုက္ခသည် ကြည့်ရှုနေသူတစ်ဦးက ပြောသည်။

NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်


NLD ဗဟိုအလုပ်အမှုဆောင်သစ်များဖြင့် ရှေ့ဒီမိုကရေစီ ခရီးဆက်မည်မတ်လ ၁၀ရက်နေ့ နံနက်ပိုင်းမှာ   ဒေါ်အောင်ဆန်း စုကြည်   အပါအ၀င် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်ကို ရွေးချယ်ပြီး NLD ရှေ့ခရီးလမ်းဆက်မည်ဖြစ်ကြောင်း ဥက္ကဌ   ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဗဟိုအလုပ်အမှုဆောင်များအနေဖြင့် ၁၅ ဦး ရွေးချယ်ခဲ့ကြပြီး အရံ ၅ ဦးဖြင့်စုစုပေါင်း ဗဟိုအလုပ်အမှုဆောင် ၂၀ ဦးဖြင့် NLD ပါတီက ရှေ့ဒီမိုကရေစီရေးအတွက် ပီပီပြင်ပြင် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းသိရှိရသည်။

နိုင်ငံသား ၇၅%အား အလုပ်အကိုင်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရ


မြန်မာနိုင်ငံအတွင်းသို့ ပြည်ပရင်းနှီးမြှပ်နှံမှုများဝင်ရောက်လာချိန်၌  ရေရှည်စီမံကိန်းအဖြစ် မြန်မာနိုင်ငံသား၇၅ ရာခိုင်နှုန်းအား အလုပ်ခန့်ထားရန် အစီအစဉ်များ ချထားပြီးဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှသိရသည်။

“နိုင်ငံသားကျွမ်းကျင်သူ အလုပ်သမား အတတ်ပညာရှင်များနှင့် ဝန်ထမ်းများ ခန့်ထားရာတွင် ရာခိုင်နှုန်းအားဖြင့် နိုင်ငံသား အနည်းဆုံး ပထမ ၅နှစ် အကုန်တွင် ၂၅% ၊ ဒုတိယ ၅နှစ် အကုန်တွင် ၅၀ %နှင့် တတိယ၅ နှစ်အကုန်တွင်၇၅% ခန့်ထား ရန်” ဟူ၍ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဒေါ်ခင်စန်းရီက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ညီလာခံနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲ ကျင်းပ


မတ်လ ၉ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ အန်အယ်ဒီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ညီလာခံနှင့် ပတ်သက်သော  သတင်းစာရှင်းလင်းပွဲကို တော်ဝင်နှင်းဆီမှာပင် ပြုလုပ်ကျင်းပခဲ့သည်။

 အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ဦးအုန်းကြိုင်က မတ်လ ၈ ရက်နေ့က ညီလာခံအကြိုအဖြစ် ပြုလုပ်ကျင်းပခဲ့ပြီး    ပြည်နယ်နှင့်  တိုင်းအသီးသီးမှ တက်ရောက်လာသော ဗဟိုညီလာခံကိုယ်စားလှယ်များမှ ဗဟိုကော်မတီဝင်( CC) ၁၀၀ ဦးကို လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြောင်း၊ ယနေ့တွင် ကျန်ရှိသော ဗဟို ကော်မတီဝင် ၂၀ ဦးနှင့် အရံဗဟိုကော်မတီဝင် ၃၀ ဦးတို့ကိုရွေးချယ်ခဲ့ကြောင်း ပြောကြားသည်။

Saturday, March 9, 2013

သမ္မတ ဦးသိန်းစိန် နိုဘယ်လ် ဆုရှင် စာရင်းပါသော်လည်း မာလာလာနှင့် ကလင်တန်တို့ ထိပ်ကပြေးနေ

၂၀၁၃ ခုနှစ် နိုဘယ်လ် ဆုရှင်အဖြစ် အဆိုပြုခံရသူ စာရင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန် ပါဝင်နေသော်လည်း  ပါကိစ္စတန် ကျောင်းသူ မာလာလာနှင့် အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန်တို့မှာ  ရွှေးချယ်ခံရမည့် စာရင်းတွင် ရှေ့ဆုံးကနေ ပြေးနေကြောင်း သိရသည်။

နိုဘယ်လ် ဆုရှင် ဒေါ်စုနှင့် နိုဘယ်လ်ဆု ရှင် အမည် စာရင်း တင်သွင်းခံရသူ သမ္မတ ဦးသိန်းစိန်။

တာလီဘန်ကို ဆန့်ကျင်သူ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် ကျောင်းသူ မာလာလာမှာ နိုဘယ်လ်ဆုရွေးချယ်သူများ အကြား ရေပန်းစားနေသော်လည်း သူမ၏ အသက်ငယ်ရွယ်မူကို တချို့က ထောက်ပြ ပြောဆိုနေကြသည်ဟု ဆိုသည်။

ယခုနှစ်တွင် နိုဘယ်လ်ဆုရှင်များ အဖြစ် အမည်တင်သွင်းခံရမူမှာ စံချိန်တင်ခဲ့ပြီး စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း  ၂၅၉ ထိ ရှိခဲ့သည်။ ထိုအထဲတွင် လူပုဂ္ဂိုလ် ၂၀၉ ဦးနှင့် အဖွဲ့အစည်း ၅၀ ပါဝင်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများကြောင့် အမည်စာရင်း တင်သွင်း ခံခဲ့ရသည်။ အကယ်၍ မြန်မာ သမ္မတ ဦးသိန်းစိန် နိုဘယ်လ်ဆုရှင် အဖြစ် ရွှေးချယ်ခံရပါက မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုဘယ်လ်ဆုရှင် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုဘယ်လ် ဆုရှင် ဖြစ်သည်။

အမည်စာရင်း တင်သွင်းနိုင်သူ လူထောင်ပေါင်းများစွာ၏ စာရင်းထဲမှ နိုဘယ်လ်ဆု ချီမြှင့်ခံရသူအား များမကြာမှီ ရွေးချယ်မည်ဟု သိရသည်။

သို့သော်လည်း ရွေးချယ်ခံရသူ အမည်အား လျို့ဝှက်ထားပြီး  ယခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ထုတ်ပြန် ကျေညာမည် ဖြစ်သည်။  ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် နိုဝေးနိုင်ငံတွင် ဆုချီးမြှင့်မည် ဖြစ်သည်။

ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုဘယ်လ်ဆုကို တီထွင်သူ Philanthropist Alfred Nobel ၏ ကွယ်လွန် သည့်နေ့ ဖြစ်သည်။

တအာင်းပလောင်ဒေသ ရက်ပိုင်းအတွင်း တိုက်ပွဲ ပိုစိပ်လာ

တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ ယနေ့နံက် (၉) နာရီ အချိန်က ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင်း၌ ရင်ဆိုင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွား ခဲ့သည်ဟု အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှုး တာဘုန်း ကျော်က ဆိုသည်။

"နမ့်ဆန်မြို့နယ်မှာရှိတဲ့ အနောက်ကင်းနဲ့ ဆာမ်ငါမ်ကျေးရွာ နှစ်နေရာမှာ နေရာ ယူထားတဲ့ ကျနော်တို့ အမှတ်၂၅၆ တပ် ရင်း လက်အောက်ခံ တပ်ခွဲတွေကို အစိုးရ တပ်ဖွဲ့တွေက စစ်ကြောင်း (၄) ကြောင်းနဲ့ စစ်ဆင်လာလို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ရတာပါ။" ဟု ဆိုသည်။

ကျောက်မဲ အခြေစိုက် အစိုးရ ခြေမြန်တပ်ရင်း ခမရ ၅၀၁ တပ်ဖွဲ့မှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း(၂) ကြောင်း ဖွဲ့ကာ လာရောက် တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ တိုက်ပွဲသည် နာရီဝက်ခန့်ကြာပြီး  အစိုးရ တပ်ဖွဲ့ ဘက်မှ တစ်ဦး ကျဆုံးကြောင်းနှင့်TNLA ဘက်မှ ထိခိုက် ဒဏ်ရာ ရမှုမရှိ ဟုTNLA က ဆိုသည်။  

အလားတူ ယနေ့နံနက် (၁၀) နာရီ အချိန်ကလည်း နမ့်ဆန်မြို့နယ် ဆာမ်ငါမ်ရွာ အနီး တပ်ချထားသော TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲစခန်း တခုကို အစိုးရ၏ ခမရ ၅၀၂ တပ်ရင်းမှ အင်အား (၂၀၀) ခန့်က စစ်ကြောင်း (၂) ကြောင်း ခွဲ၍ လာရောက် တိုက်ခိုက်ရာ (၁) နာရီခန့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်း TNLA ဘက်က ဆိုသည်။

ထို့အပြင် မတ်လ (၇) ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ အနောက်ဘက် ရူရှိကျေးရွာရှိ TNLA တပ်ရင်း (၂၅၆) လက်အောက်ခံ တပ်ခွဲတပ်စခန်းကို အစိုးရတပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်ဖြင့် စစ်ကြောင်း (၂) ကြောင်းဖွဲ့၍ လာရောက်တိုက် ခိုက်ရာ နာရီဝက်ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

အစိုးရ တပ်များသည် နမ့်ဆန်မြို့နယ် အတွင်း၌ စစ်ကြောင်း (၄) ကြောင်းဖြင့် လှုပ်ရှားလျက် ရှိခဲ့ရာမှ နောက်ထပ် စစ်ကြောင်း (၂) ကြောင်း ထပ်မံတိုးချဲ့ ချထားခဲ့ရာ စုစုပေါင်း အင်အား (၆၀၀) ခန့် ရှိပြီး စစ်ကြောင်း (၆) ကြောင်းဖြင့် လှုပ်ရှား နေကြောင်း သိရသည်။

ထိုစစ်ကြောင်း များသည် နမ့်ဆန်မြို့ မြောက်ဘက်ရှိ လွယ်တောင်ကျော သတ္တုတွင်းကို လုံခြုံရေး ယူထားသော တပ် ဖွဲ့များမှ ဖြစ်ပြီး TNLA ကို မကြာမကြာ လာရောက် တိုက်ခိုက် နေခြင်း ဖြစ်သည်ဟု ဗိုလ်မှုး တာဘုန်းကျော်က ဆိုသည်။