Friday, May 24, 2013

ယာဉ်လိုင်စင်အတု ဈေးကွက်တဖြည်းဖြည်း ကြီးထွားလာ


ကားဈေးကွက်အတွင်း ကားအသစ်များ တင်သွင်းမှုနှင့်အတူ ရန်ကုန်မြို့တွင်း  ယာဉ်လိုင်စင်အတုပြုလုပ် ပေးသည့်ဈေးကွက်မှာ ကားဝယ်ယူသူအများစုနှင့်ရင်းနှီးလာကြောင်း ကားဈေးကွက်မှ သိရှိရသည်။

တရားမ၀င် လိုင်စင်မဲ့လူစီးယာဉ်များအတွက် စာရွက်စာတမ်းနှင့်ဝှီးတက်အတွက် နှစ်သောင်းခွဲဝန်းကျင်မှ သုံး သောင်းဝန်းကျင်အထိရှိပြီး စစ်ဆေးပါက အစစ်နှင့်ခွဲခြားရ ခက်သည့် ဟိုလိုဂရမ် ၀ှီးတက်အတွက်မူ ဈေးနှုန်း အားဖြင့် နှစ်ဆခန့် ဈေးပိုပေးရကြောင်း အဆိုပါဈေးကွက်အတွင်းက သိရသည်။

 ဒီဈေးကွက် စပေါ်လာတာက ၂၀၁၂ ဖေဖော်ဝါရီလ နောက်ပိုင်းလောက်ကတည်းကပါ၊ ဒါပေမဲ့ လုပ်ရဲတဲ့သူ သိပ်မရှိသေးဘူး၊ ဖြစ်လာမဲ့ အန္တရာယ်ကို ကြောက်ကြတယ်လေ၊ ဒါပေမဲ့ ဒီဈေးကွက်က တဖြည်းဖြည်း လူသိများလာပြီး ရှေ့မှာ လုပ်လာတဲ့သူတွေလည်းများလာပြီး အဖမ်းအဆီးလည်းနည်းတော့ ဒီဈေးကွက်က တဖြည်းဖြည်းကြီးလာတာလို့ ထင်တယ် ဟု မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကားဝယ်ရောင်း တစ်ဦးမှ ပြောသည်။

အဆိုပါဈေးကွက်သည် မအူပင်လမ်းကျယ်၊ အလုပ်သမားဆေးရုံထောင့်နှင့် ကားပွဲစားတန်းအချို့တွင် တွေ့ရှိရပြီး မနက်မိုးလင်းမှ ည(၂)နာရီခန့်အထိ ပွဲစားများ ရှိကြောင်း လိုင်စင်အတု ကားဈေးကွက်သို့ ရောက်ရှိဖူးသူတစ်ဦးက ပြောသည်။

 ဒီလိုင်စင်မဲ့ ကားတွေထဲက အများစု တရုတ်က ၀င်တာတွေ ရှိတယ်၊ ဂျပန်ကားတွေ ၊ Europe ကားတွေ ဆိုရင်လည်း အဲလိုပဲ တရုတ်ဘက်ကနေမှ တဆင့် ၀င်တာတွေကြီးပဲ၊ တစ်ချို့ကျတော့ ကားအစီးလိုက် ၀င်တာတွေ ရှိတယ်၊ တစ်ချို့ ကျတော့ ဖြုတ်ပြီး သွင်းတာတွေ ရှိတယ်၊ ၀ယ်တဲ့စနစ်ကတော့ ရှင်းပါတယ်၊ အဓိကကတော့ ယုံကြည်မှုနဲ့ လုပ်ကြတာပါ၊ ၀ယ်မဲ့သူကို ကားဓာတ်ပုံပြပြီး နောက်မှ ကားပို့ပြီးတော့မှ ငွေချေပေါ့ ဟု အဆိုပါဈေးကွက်တွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လိုင်စင်မဲ့ Super roof ဆိုပါက အမြင့်ဆုံး ၃၅ သိန်း၊ ရွှေငါး( Mark 2 )တစ်စီးလျှင် ၃၀ သိန်း ၀န်းကျင်၊ Toyota စက်ရုပ်ဆိုရင် ၅၀ သိန်းဝန်းကျင်၊ Caldina တစ်စီးလျှင် ၅၂ သိန်း ၀န်းကျင်၊ Land Cruiser ဆိုပါက ၉၀ သိန်း ၀န်းကျင်ဖြင့် ရရှိပြီး တရားဝင်ကားဈေးနှုန်းထက် ဈေးနှုန်းခေါက်ချိုးကျော်ကျော် သက်သာကြောင်း အဆိုပါ မှောင်ခိုဈေးကွက်မှ သိရသည်။

 “ဒီကိစ္စတွေက ဖြစ်နေတယ်ဆိုရင် ကျနော်တို့တွေဘက်က အရေးယူလို့ ရပါတယ်၊ ခက်တာက ဒီဈေးကွက် ဆိုတာမျိုးက အခုလို အသံတွေ ထွက်လာပြီဆိုရင် အရေးယူပြီဆိုရင်  ကြက်ပျောက်ငှက်ပျောက် ပျောက် ကုန်ကြတယ်၊ အခုအခြေအနေက ကားသွင်းခွင့်နှင့် ပတ်သက်လို့ က.ည.နက ဒီလောက် ဖြေလျှော့မှုတွေ လုပ်ပေးနေတာတောင် အခုလို ဖြစ်ရပ်တွေ ရှိသေးတယ် ဟု က.ည.န မှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

တရားဝင်တင်သွင်းသည့် Super Roof တစ်စီးလျှင် ၁၀၀ သိန်း ၀န်းကျင်၊ Toyota (ရွှေငါး Mark 2 ) တစ်စီးလျှင် ၂၀၀ သိန်း ၀န်းကျင်၊ Toyota စက်ရုပ်ဆိုပါက ၂၀၀ သိန်း ၀န်းကျင်၊ Land Criser တစ်စီးလျှင် သိန်း ၂၇၀ သိန်းဝန်းကျင် ဈေးရှိကြောင်း ကားဈေးကွက်မှ သိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်များသည် နံပါတ်နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ အားလုံး အစစ်နီးပါး တူညီပြီး ယာဉ်သက်တမ်းတိုးပါက ၁ နှစ်စာ လိုင်စင်ကြေးတစ်သိန်းပေးရကြောင်း၊ ယာဉ်ဝှီးတက် စစ်ဆေးလျှင် အတု အစစ်ခွဲခြားနိုင်ကြောင်း လိုင်စင်မဲ့ကားနှင့်ရင်းနှီးသူတစ်ဦးက ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။